

နွေရာသီမှာ လူသစ်တွေ ခေါ်ယူမှာဖြစ်ပေမယ့် ကလပ်ရဲ့ ကြယ်ပွင့်တွေကို သူတို့ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးပေးမယ်လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။
အဲလီယော့ဟာ ဒီရာသီမှာ အရေးပါတဲ့ အသင်းသား တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဂျုံးစ်ကလည်း မျက်လုံးဒဏ်ရာက ပြန်သက်သာလာတဲ့နောက် နောက်ဆုံး ၅ ပွဲကို ပွဲထွက်ခွင့်ခဲ့ရပြီး ဒါဟာ တစ်ရာသီလုံး လီဗာပူးတို့ ရှုံးပွဲမရှိတဲ့ အကြာဆုံးမှတ်တမ်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ဘာ့ဆဲတစ်လို ကြယ်ပွင့်လည်း ပေါ်ထွက်လာခဲ့တယ်။
“ ဒီနှစ်မှာ ကျွန်တော်တို့ အလုံအလောက် မပြသနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီအသင်းမှာ အလားအလာတွေ အများကြီးရှိတယ်။ ကလပ်ရဲ့ လူငယ် ကြယ်ပွင့်တွေကို ဆက်ထိန်းထားပြီး တိုးတက်အောင် လုပ်ပေးရင်း ကစားသမားသစ်တွေကိုလည်း ခေါ်ယူသွားမှာပါ။ နှစ်ခုလုံး ဖြစ်နိုင်ခြေရှိပါတယ်။
ဟာဗေးကို ကျွန်တော် တကယ်ကျေနပ်တယ်။ သူက ပွဲတွေအများကြီး ကစားခဲ့ပြီးတော့ အတည်ငြိမ်ဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ကာတစ်လည်း အခု သက်သေပြခဲ့ပြီ။ စတီဖန်ကတော့ ဩချလောက်ရအောင်ကို လုပ်ပြခဲ့တာပါ။
ဒါပေမယ့် တခြားကစားသမားတွေလည်း အရမ်း အသက်ကြီးလွန်းနေတာမျိုး မဟုတ်ပါဘူး။ အသင်းတစ်သင်းမှာ အတွေ့အကြုံ ရင့်ကျက်သူတွေကိုလည်း လိုအပ်ပါတယ် ” လို့ ကလော့ပ်က ပြောပါတယ်။
ဒီနွေမှာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာနဲ့ အာသာတို့ ထွက်မှာဖြစ်လို့ ဟာဗေး၊ ဂျုံးနဲ့ ဘာ့ဆဲတစ်တို့ဟာ စီနီယာတွေနေရာ ဝင်လာပါလိမ့်မယ်။ လီဗာပူးဟာ နွေရာသီမှာ လူသစ်တွေကိုလည်း ခေါ်ယူမှာဖြစ်ပြီး နောက်ရာသီမှာ ပိုပြီး အားကောင်းလာလိမ့်မယ်လို့ ကလော့ပ်က ကတိပေးခဲ့ပါတယ်။
“ ရာသီကြိုပြီးရင် ကျွန်တော်တို့ တိုးတက်လာလိမ့်မယ်။ ဒီနှစ်က ကျွန်တော်တို့ကို အများကြီး အကူအညီပေးမှာပါ။ အရင်နှစ်တွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို ဒီနှစ်ကလည်း ပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် အရင်နှစ်တွေလောက်တော့ ပွဲတွေအများကြီး မကစားခဲ့ရတာ ကောင်းတဲ့အချက်ပါ။ ဒါကို အားသာချက်အဖြစ် အသုံးချရမယ်။
ကျွန်တော်တို့လည်း ပွဲကြီးတွေ၊ ဖိုင်နယ်ပွဲတွေကို ပြန်ကစားချင်တယ်။ အဲ့အတွက် အလုပ်ကြိုးစားမယ်။ သင့်တော်တဲ့ ကစားသမားတွေ လိုအပ်နေတာဖြစ်ပြီး ရအောင်ခေါ်ယူဖို့ လုပ်သွားရမှာပါ ” လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။