

လီဗာပူးအသင်းဟာ ဒီရာသီမှာ ကွင်းလယ်ကို အာရုံစိုက်ပြီး လူသစ် အချို့ ထည့်သွင်းခဲ့ပါတယ်။ ဘောလုံးရာသီသစ် စတင်လာပေမယ့်လို့ နည်းပြကလော့ပ်ရဲ့ အသင်းဟာ လူစာရင်း တောင့်တင်းမှုအတွက် စမ်းသပ်မှုတွေ မခံရသေးပါဘူး။
ဒီနွေမှာ ကစားသမား ၆ ဦး ထွက်ခွာသွားပြီး လူသစ် ၄ ဦး ဝင်လာခြင်းဟာ အသင်းလူစာရင်းကို စာရွက်ပေါ်မှာ အရမ်းကြီး တောင့်တင်းသွားစေခြင်း မရှိဘူး။ ဒါပေမယ့်လို့ အဖွင့် ၄ ပွဲမှာတင် မနှစ်ကရာသီ ကိတ်တာနဲ့ ချိန်ဘာလိန် နှစ်ဦးပေါင်း ကစားခဲ့တဲ့ မိနစ်ကို ဆိုဘိုနဲ့ မာကာတို့ လိုက်မှီသွားတာမို့ တကယ်တမ်း အသုံးချနိုင်ခြင်းမှာတော့ ကွာဟပါလိမ့်မယ်။
လီဗာပူးရဲ့ လူစာရင်းဟာ အရမ်း မကြီးပေမယ့်လို့ အရည်အချင်းပိုင်းက မနှစ်ကနဲ့ များစွာ ကွာခြားသွားခဲ့ပါပြီ။ ဒီတော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လူစာရင်းကို တစ်ချက် ကြည့်ရအောင်ပါ။
ဂိုးသမား + ခံစစ်
အားအနည်းဆုံးလို့ မှတ်ချက်ရပေမယ့် ဒီနှစ်တွေအတွင်း အသင်းရဲ့ တည်ငြိမ်မှု အရှိဆုံးနေရာကတော့ ဂိုးသမားနဲ့ ခံစစ်နေရာပဲ ရှိပါတယ်။ နက်ဖီးလစ် အငှားထွက်သွားပြီး သူ့နေရာမှာ အင်္ဂလန်ကြယ်ပွင့် ကွမ်းဆက် ဝင်လာတာကလွဲလို့ အပြောင်းအလဲ မရှိပါဘူး။
ဂိုးသမားနေရာ အယ်လီဆန်၊ ကလယ်ဟာနဲ့ အတ်ဒရီယန်တို့ ရှိနေပါတယ်။ ဗဟိုခံစစ်မှာ ဗန်ဒိုက်၊ အီဘူး၊ မာတစ်၊ ဂိုးမက်စ်နဲ့ ကွမ်းဆက်တို့ ရှိနေပြီး အစွန်မှာတော့ ထရန့်၊ ဘရတ်ဒလေ၊ ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ဖြစ်ပါတယ်။
ခံစစ်ဟာ နည်းနည်းပြောရခက်တဲ့ အပိုင်းမှာ ပါဝင်ပါတယ်။ ထရန့်၊ အီဘူး၊ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်တို့ကို အယ်လီဆန်ဖြင့် ပေါင်းစပ်ပေးထားတာဟာ ဒီနှစ်တွေအတွင်း လီဗာပူးရဲ့ အတည်ငြိမ်ဆုံး ခံစစ်တန်းဖြစ်ပါတယ်။ ရိုဘိုဟာလည်း ဘယ်ခြမ်း ဗဟိုခံစစ်မှူးနေရာမှာ ခြေစွမ်း ပြန်တည်ငြိမ်လာပါတယ်။
ဒါပေမယ့်လို့ အီဘူးနဲ့ ဗန်ဒိုက်တို့ ဒဏ်ရာနဲ့ ပွဲပယ်ဖြစ်လို့ ဂိုးမက်စ်တို့ကို နေရာပေးရချိန်မှာ ပရိသတ်တွေကို ရင်ထိတ်စေတယ်။ အခုချိန်ထိ အသင်းက အကောင်းဆုံး ကျော်ဖြတ်နေပြီး ပွဲကြပ်ကာလတွေရှိမှာမို့ ဂိုးမက်စ်၊ ကွမ်းဆက်တို့ဟာ သေချာပေါက် အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။
ခံစစ်ရဲ့ အရှေ့
လီဗာပူးရဲ့ ကွင်းလယ် နံပါတ် ၆ နေရာအတွက် မတူညီတဲ့ ကစားသမားတွေ ရှိလာနေပါပြီ။ ကွင်းလယ်နံပါတ် ၆ စစ်စစ်ဆိုရင် အန်ဒိုရှိပြီး သီယေဂိုကလည်း အဆိုပါနေရာ ကစားသူ တစ်ဦးပါ။ ကလော့ပ်ဟာ မက်ကယ်လစ္စတာနဲ့ ဂရာဗင်ဘက်ချ်အပြင် ကာတစ်ဂျုံးကိုပါ နံပါတ် ၆ မှာ ထားပြီး သုံးနိုင်ပါတယ်။
မနှစ်က အားနည်းခဲ့တဲ့ ညာခြမ်း နံပါတ် ၈ သမားနေရာမှာဆိုရင် ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့က အကောင်းဆုံး အားဖြည့်မှုဖြစ်ပါတယ်။ ကာတစ်ဂျုံး၊ အယ်လီယော့တို့ကလည်း တိုက်စစ်လိုက်ရတဲ့ ကွင်းလယ်လူတွေအဖြစ် ကစားကြပြီး ကစားသူတွေဖြစ်တယ်။
လိုအပ်လာရင် ဂက်ပိုကို တိုက်စစ်အတွက် ပံ့ပိုးပေးရတဲ့ ကွင်းလယ်လူအဖြစ် သုံးနိုင်ပါတယ်။ ဒါကြောင့် ကွင်းလယ်ဟာ လီဗာပူးအတွက် ပြဿနာ မဟုတ်တော့ဘဲ ပိုမို တွဲဘက်မိလာဖို့ပဲ လိုပါတယ်။
တိုက်စစ်
လီဗာပူးအသင်းမှာ အတောင့်တင်းဆုံးက တိုက်စစ်ဖြစ်ပါတယ်။ မနှစ်တုန်းက ဂျိုတာနဲ့ ဒီယက်စ်တို့ကို ကာလရှည် ဒဏ်ရာတွေကြောင့် လက်လွတ်ခဲ့ရပြီး ဒါဝင်ကလည်း အဖွင့်ရာသီ ဖြစ်တာမို့ အသားကျဖို့ အချိန်ယူခဲ့ရတယ်။ ရာသီဝက်မှ ဂက်ပို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာတော့ တိုက်စစ်သမား ၅ ဦးလုံးအပြင် ဗန်ဒုတ်ပါ ရှိနေပြီး အယ်လီးယော့နဲ့ ဆိုဘိုကလည်း လိုအပ်လာရင် တိုက်စစ်သမားအဖြစ် ကစားနိုင်ပါတယ်။ ကလော့ပ် သိပ်မသုံးပေမယ့် ဒီယက်စ်ဟာ ညာခြမ်းမှာ ကစားနိုင်တယ်လို့ သိရပြီး ဂျိုတာကို ညာခြမ်း ကစားသမားအဖြစ် ကလော့ပ် သုံးထားဖူးပါတယ်။
လီဗာပူးတိုက်စစ်သမားတွေဟာ စွယ်စုံ ကစားနိုင်သူတွေဖြစ်ပြီး သူတို့ကြား တွဲဘက် တိုက်စစ်ဆင်မှုပိုင်း ပိုမို တိုးတက်လာမယ်ဆိုရင် klopp 2.0 ဗားရှင်းအဖြစ် တောက်ပလာနိုင်တာ ဖြစ်ပါတယ်။