

အီဗန် ဖာဂူဆန်ဟာ ဘရိုက်တန်မှာ တောက်ပလာနေတဲ့ တိုက်စစ်မှူးဖြစ်ပြီး လာမယ့် ၂ နှစ်အတွင်း ပေါင် သန်း ၁၀၀ တန်ကြေးရှိ ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးတွေ ရနေပါတယ်။
အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုးထိ ရထားတာကလည်း သူရဲ့ အလားအလာကို သက်သေထူနေတယ်။ တိုက်စစ်သမားကတော့ သူဟာ လီဗာပူးကို ပြောင်းဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဘရိုက်တန်ကို ရွေးချယ်ခဲ့တာလို့ ပြောပြပါတယ်။
၂၀၂၁ ဇန်နဝါရီမှာ အိုင်ယာလန်ကလပ် Bohemians ကနေ ထွက်ခွာဖို့ ဆုံးဖြတ်စဉ် သူဟာ လီဗာပူးအသင်းထံ လာရောက်ပြီး ခြေစွမ်း စမ်းသပ်ခံခဲ့ပါသေးတယ်။ ဒါပေမယ့် ပွဲထွက်ခွင့် အနေအထားကို တွက်ဆပြီးနောက် လီဗာပူးကို ပြောင်းဖို့ထက် ဘရိုက်တန်ကို ဦးစားပေးခဲ့တာပါ။
The Athletic နဲ့ အင်တာဗျူးမှာ ဖာဂူဆန်က “ ကျနော် လီဗာပူးကို အကြိမ် အနည်းငယ် သွားခဲ့ပါတယ်။ လီဗာပူးက အသင်းကောင်းဆိုပေမယ့် အဲ့မှာ များစွာသော လူငယ်လေးတွေဟာ စီနီယာအဆင့်ကို တက်လှမ်းခွင့်မရဘဲ ပျောက်ကွယ်သွားကြတာကို မြင်ခဲ့ရတယ်။
ကျနော် စဉ်းစားမိခဲ့တာက ‘ယူ-၁၈ မှာ ၂ နှစ်လောက်ကစား ပြီးရင် ယူ-၂၃ မှာ ကစားပြီး ပြီးရင် ဘယ်ရောက်မယ် မသိတဲ့ အခြေအနေမျိုး ဖြစ်လိုသလား?’ ဆိုပြီးပေါ့။
ဘရိုက်တန်က အသင်းကောင်းပါ။ ဒီကလူတွေက လူငယ်လေးတွေကို အကူအညီပေးဖို့ အမြဲတမ်း ကြိုးစားကြပါတယ် ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။
သူ့ရဲ့ ရွေးချယ်မှုဟာ မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။ အခုဆိုရင် ဖာဂူဆန်ဟာ ဘရိုက်တန်ရဲ့ အတောက်ပဆုံး ကြယ်ပွင့် ဖြစ်လာဖို့ နီးစပ်နေပြီး ဒီရာသီ အမှတ်ပေးပွဲ ၄ ပွဲမှာ သွင်းဂိုး ၄ ဂိုး ရထားခဲ့ပြီပဲ ဖြစ်ပါတယ်။