

ဘောလုံးရာသီရဲ့ ပထမဆုံးသော နိုင်ငံတကာသီတင်းပတ်ကို ကျော်ဖြတ်နေချိန်မှာပဲ စူပါကွန်ပျူတာရဲ့ တွက်ချက်မှု ထွက်ပေါ်လာခဲ့ပါတယ်။
Opta ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ၎င်းတို့ ဝဘ်ဆိုဒ်က တွက်ချက်တဲ့ စူပါကွန်ပျူတာ စစ်တမ်းမှာတော့ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ချေ ၆.၂% ပဲ ရှိပါတယ်။
ဒါပေမယ့်လို့ မန်စီးတီးရဲ့ ၉၀.၇% နောက်မှာ အမြင့်ဆုံး ရာခိုင်နှုန်းကို လီဗာပူးက ပိုင်ဆိုင်ခဲ့ကာ ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက ဂွာဒီယိုလာရဲ့ အဓိက စိန်ခေါ်ဘက် ဖြစ်လာဦးမယ်လို့ ဆိုတာပါ။
လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ချေ မြင့်မားပြီး ဒုတိယနေရာကနေ ရာသီသိမ်းနိုင်ချေ ၄၉.၂% ထိ ရှိထားပါတယ်။
ဒီရာသီအစ ၄ ပွဲမှာ မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲဖြင့် ၁၂ မှတ်ရထားသလို လီဗာပူးကလည်း စပါး၊ ဝက်စ်ဟမ်း၊ အာဆင်နယ်တို့နည်းတူ ရမှတ် ၁၀ မှတ် ရထားတာ ဖြစ်ပါတယ်။
မနှစ်က အဆင့် ၅ နေရာမှာပဲ ရပ်တည်ခဲ့တာမို့ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ခဲ့တာကြောင့် ဒီရာသီ ကလပ်ရဲ့ ဦးစားပေးဟာ အစောဆုံးဖြင့် ထိပ်ဆုံး ၄ သင်းဝင်ရေး ဖြစ်ပါတယ်။ ရာသီသိမ်းပွဲတွေမှာ ဆုဖလား ယှဉ်ပြိုင်နိုင်တဲ့ အသင်းများ စာရင်းထဲ ပါဝင်နိုင်ရေးလည်း အားထုတ်ရမှာ ဖြစ်ပါတယ်။