

ဒီကနေ့မှာ ဂျာမနီအသင်းက လက်ရွေးစင်နည်းပြ ဟန်ဇီ ဖလစ်ကို ရာထူးကနေ ထုတ်ပယ်ခြင်းနဲ့အတူ ကလော့ပ်ရဲ့ အနေအထားအတွက်လည်း မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။
လက်တလောမှာ ယာယီနည်းပြ ရာထူးကို Rudi Voller က တာဝန်ယူထားပေမယ့် ဂျာမနီအသင်းဟာ လက်ရွေးစင်အသင်းအတွက် သင့်လျော်မယ့် နည်းပြလောင်းလျာတွေကို ရှာဖွေနေပါပြီ။ ကလော့ပ် အပြင် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းကိုလည်း သူတို့ရဲ့ စာရင်းထဲ ထည့်ထားပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားမှာ မအောင်မြင်ခဲ့သလို သူတို့ရဲ့ ကျဆင်းနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် လာမယ့် ယူရိုမှာလည်း အဆင့်မြင့်မြင့် ရောက်မယ်လို့ ရေပန်းမစားပါဘူး။
ဒီနှစ်စတည်းက ဂျာမနီမှာ ဩဇာရှိ သတင်းဌာနဖြစ်တဲ့ Bild ရဲ့ ဖော်ပြချက်မှာ ” အကောင်းစား အားဖြည့်မှုကတော့ ယာဂင်ကလော့ပ်ပေါ့။ အဲ့လိုဖြစ်လာဖို့ လက်ရွေးစင်ဘက်က အစွမ်းကုန် တိုက်ခိုက်ရမယ်။ ကလော့ပ်က ယူရိုမှာ ဂျာမနီကို အနေအထားကောင်းထံ ပို့ပေးနိုင်မယ့်သူပါ ” လို့ ဖြစ်ပါတယ်။
ကလော့ပ် ကိုယ်တိုင်က အနာဂတ်မှာ လက်ရွေးစင်အသင်းကို ကိုင်တွယ်လိုကြောင်း ထုတ်ပြောထားပေမယ့် လက်တလောမှာ ဂျာမနီဘက်က ကမ်းလှမ်းရင် ငြင်းဆန်မယ်လို့ သိထားရတယ်။ ဂျာမနီအသင်းကတော့ ကလော့ပ်ကို နည်းပြသစ်အဖြစ် ရလိုကြောင်း သဘောထားတွေ ပြသနေပါတယ်။
လီဗာပူးနဲ့ ကလော့ပ်ကြား စာချုပ်ဟာ ၂၀၂၆ ခုနှစ်ထိ ရှိနေတာမို့ အခြေအနေက စိတ်ပူစရာ မဟုတ်သေးပေမယ့် ကလော့ပ် နေရာ ဆက်ခံသူ ရှာဖွေရေးဟာ လီဗာပူးတို့ ကြိုတင် ပြင်ဆင်ထားရမယ့် ကိစ္စ ဖြစ်ပါတယ်။