ဒီအပတ် စနေနေ့ အစောဆုံးပွဲအဖြစ် လီဗာပူးအသင်းဟာ ဝုဗ်အသင်း အိမ်ကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရာသီစ ၁၂ မှတ်ရနိုင်ချေထဲက ၁၀ မှတ် ယူထားနိုင်တဲ့ လီဗာပူးအသင်းဟာ ဝုဗ်နဲ့ပွဲကို အနိုင်ယူပြီး တာထွက်ကောင်းနေမှုကို ဆက်ထိန်းလိုမှာပါ။ ဒါပေမယ့် ကလပ်ဟာ ပွဲပန်းခြင်းနဲ့ ဒဏ်ရာ ပြဿနာ အချို့ မဖြစ်လာရေး ရင်ထိတ်ရမယ့် ကိစ္စ အချို့ ရှိနေပါတယ်။
မနက်ဖြန် မနက်မှာ တောင်အမေရိကဇုန်အတွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေတယ်။ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုဂွေးအသင်းတို့ကို ကိုယ်စားပြုပြီး မာကာ၊ အယ်လီဆန်၊ လူချို၊ ဒါဝင်တို့ဟာ လက်ရွေးစင်ပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဲ့တာပြီးရင် သူတို့ဟာ အင်္ဂလန်ကို ပြန်လာကြမှာဖြစ်ကာ လမ်းခရီး ရှည်လျားမှုကြောင့် ကျန်တဲ့ လီဗာပူး အသင်းဖော်တွေလောက် အနားရဖို့ မရှိပါဘူး။
“ အခုက နိုင်ငံတကာ သီတင်းပတ်ဖြစ်ပြီး ကမ္ဘာကြီးရဲ့ အခြားတစ်ဘက်ခြမ်းမှာ ဘောလုံး ကစားနေကြတဲ့ ကျနော်တို့ရဲ့ တောင်အမေရိက ကစားသမားတွေဟာ ၄၈ နာရီ အကြာမှာပဲ ဝုဗ်ကို ကျနော်တို့နဲ့အတူ ရင်ဆိုင်ရဦးမှာပါ။
ဒါက ခက်ခဲမှာပါ ဒါပေမယ့် ကျနော်တို့ အဆင်သင့်ဖြစ်နေအောင်နဲ့ အဲ့ပွဲကို အစွမ်းကုန် အားထုတ်နိုင်အောင် ကြိုးစားရမှာပါ ” လို့ ကလော့ပ်က LFCTV ကနေ ပြောခဲ့ပါတယ်။
တောင်အမေရိက ကစားသမားတွေ အက်ဆာကို ပြန်ရောက်လာချိန်ဟာ ဝုဗ်နဲ့ပွဲ မကစားခင် ၂၄ နာရီ ဒါမှမဟုတ် ၃၆ နာရီ အလိုဖြစ်မယ်လို့ ယူဆရတာနဲ့အတူ နည်းပြကလော့ပ်ဟာ ဥရောပသား အများစုပါတဲ့ ပွဲထွက် လူစာရင်းကို ထုတ်သုံးရဖွယ် ရှိနေပါတယ်။