

မနက်က ဥရုဂွေးအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒါဝင် နူးညက်စ်ဟာ ၄၅ မိနစ်ပဲ ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရကာ ပွဲအပြီး သူ့ရဲ့ လက်ရွေးစင်အသင်းက ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဥရုဂွေးနည်းပြ ဘီရယ်ဆာက ဒါဝင်မှာ ကြွက်သား ခက်ခဲမှုရှိနေတာမို့ လူစားလဲခဲ့တာလို့ ဆိုပါတယ်။ သို့ပေမယ့် နောက်ဆုံး သိရမှုမှာတော့ ဒါဝင်မှာ ဒဏ်ရာ ပြဿနာမျိုး မရှိဘဲ ဥရုဂွေးရဲ့ ပြင်းထန်စွာ အားထုတ်ကစားမှုတွေကြောင့် ကြွက်သားပိုင်း အဆင်မပြေတာလို့ နားလည်ရတယ်။
“ ဒါဝင်မှာ ကြွက်သား ခက်ခဲမှုရှိနေပြီး သူ့ရဲ့ လှုပ်ရှားမှုတွေ အကန့်အသတ် ရှိလာပါတယ်။ ဒါကြောင့် လူစားလဲလိုက်တာက ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ပွဲတုန်းကလည်း သူ အရမ်း အားထုတ်ထားပြီး ကျနော်တို့ ဖိအားမှုတွေ လုပ်နေချိန်မှာ သူက လိုက်ပြီး မလုပ်နိုင်တာကြောင့်ပါ ” လို့ ဘီရယ်ဆာက ပြောပါတယ်။
ဒါဝင်ဟာ ဒီရာသီ လီဗာပူးအသင်းမှာ ပွဲကစားခွင့် အကန့်အသတ်ပဲ ရှိနေတာဖြစ်ပြီး ချယ်ဆီး၊ ဘုန်းမောက်၊ နယူးကာဆယ်ပွဲတွေမှာ စုစုပေါင်းမှ ပွဲကစားချိန် ၄၁ မိနစ်ပဲ ရခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးခဲ့ပေမယ့် ၆၅ မိနစ်ပဲ ကစားစေခဲ့တာ ဖြစ်ပါတယ်။
အဲ့နောက်ပိုင်း နိုင်ငံတကာသီတင်းပတ်မှာ ဥရုဂွေးအသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့ရာမှာ ဆက်တိုက် ပွဲထွက်ခွင့်ရရာက ကြွက်သား ဒဏ်ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။
ဒီကနေ့ ညပိုင်းမှာ ဒါဝင်ဟာ မာဆေးဆိုဒ်ကို ပြန်ရောက်လာမှာဖြစ်ပြီး ဆေးအဖွဲ့ရဲ့ စစ်ဆေးမှုကို ခံရမှာပါ။ သူဟာ စနေနေ့ အစောပိုင်းပွဲမှာ ပါဝင်ကစားနိုင်မလားကို နည်းပြကလော့ပ်ရဲ့ ပွဲကြိုကို စောင့်နားထောင်ရမှာဖြစ်ပါတယ်။
အထောင်တိုက်စစ်နေရာမှာ ဂက်ပို၊ ဂျိုတာတို့ ပွဲထွက်ပေးဖို့ အဆင်ပြေတာကြောင့် ဒါဝင်ရဲ့ ကြံ့ခိုင်မှုဟာ အသင်းအပေါ် တိုက်ရိုက် ဖိအားဝင်လာစေမှာ မဟုတ်ပါဘူး။