“ပြီးပြည့်စုံတဲ့ ထိန်းချုပ်သူ” အဖြစ် အာဂျင်တီးနား မီဒီယာတွေ ဝိုင်းဝန်းချီးကျူးခြင်း ခံနေရတဲ့ မာကာ

အာဂျင်တီးနားက ဘိုလီဗီယာကို ၃-၀ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီး ကွင်းလယ်လူ မာကာဟာ ၎င်းတို့ ပြည်တွင်း မီဒီယာတွေမှာ အတော်လေး ချီးကျူးခံနေရပါတယ်။

အသင်းခေါင်းဆောင် မက်ဆီ မပါခဲ့တဲ့ မနက်ကပွဲမှာ မာကာဟာ ဖာနန်ဒက်စ်၊ ဒီပေါတို့နဲ့အတူ ကွင်းလယ်မှာ ပွဲထွက်ခဲ့တာပါ။ ကွင်းလယ်ကြောင်းမှာ သူ့ရဲ့ တည်ငြိမ်မှုအပြင် ဘောလုံးကို ခပ်မြန်မြန် ပေးနိုင်တဲ့ incisive passes တွေအတွက်ပါ ချီးကျူးခံခဲ့ရပါတယ်။

တစ်ဦးချင်း လုယူမှု အောင်မြင်ခြင်းတွေ၊ ဘောလုံးဆယ်ယူမှု အောင်မြင်ခြင်းတွေကြောင့် အာဂျင်တီးနား ဘောလုံးဝေဖန်ရေးသမား Hernan Claus က

“ မက်ကယ်လစ္စတာဟာ လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကနေ ပွဲထွက်ခဲ့ပြီး ဘောလုံးကို ခပ်မြန်မြန် ခပ်သွက်သွက် ပေးနိုင်ခဲ့တယ်။ သူဟာ အထက်တန်းစား ဆန်တဲ့ ခြေစွမ်းခြေစကို ပြသခဲ့ပြီး သူ့ကို ဘယ်လို ထိန်းချုပ်ရမယ် မသိတာကြောင့် ဘိုလီဗီးယားသားတွေဟာ လူချခြင်းနဲ့ပဲ ရပ်တန့်နေခဲ့ရပါတယ် ” လို့ ညွှန်းဆိုခဲ့ပါတယ်။

အာဂျင်တီးနား သတင်းဌာန Ole က မက်ကယ်လစ္စတာကို (၉/၁၀) ထိ အမှတ်ပေးခဲ့တယ်။ ဒါ့အပြင် TyC Sports ကလည်း (၈/၁၀) ထိ အမှတ်မြင့်မြင့် ပေးခဲ့ပါတယ်။

“ သူက လီဗာပူးမှာ ကစားနေတဲ့ ကွင်းလယ်လူ နေရာကနေ စကစားခဲ့ပြီး ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ အဓိက ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။ အချိန်နဲ့ နေရာလွတ်တွေကို ပါးနပ်စွာ ကိုင်တွယ်ပြခဲ့ပြီး ဘိုလီဗီးယားအသင်းက ပြင်းထန်တဲ့ လူချကစားမှုတွေဖြင့် သူ့ကို ရပ်တန့်ခဲ့ရပါတယ် ” လို့လည်း TyC Sports က ဖော်ညွှန်းခဲ့ပါတယ်။

ဖာနန်ဒက်စ်၊ ဒီမာရီယာတို့နဲ့အတူ လက်ရွေးစင်ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးထဲက တစ်ဦးအဖြစ် မာကာကို အာဂျင်တီးနား သတင်းထောက်တွေက ရွေးထုတ်ခဲ့ကြတယ်။

” ဘောလုံးထိချက် တစ်ချက်၊ နှစ်ချက်လောက်နဲ့ ပွဲကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့ပြီး မလိုလားအပ်တဲ့ စွန့်စားမှု လုံးဝ မလုပ်ခဲ့ဘူး ” လို့ ချီးကျူးခဲ့ကြသေးတာ ဖြစ်ပါတယ်။