လီဗာပူးဘက်က စကားပြောနေတဲ့ အူဂါတီအတွက် စာချုပ်ပါ ပြောင်းရွှေ့ကြေး ထွက်ပေါ်လာ

လီဗာပူးအသင်းက စပို့တင်းကွင်းလယ်လူ အူဂါတီအတွက် စကားပြောနေကြောင်း သတင်းတွေကို ပေါ်တူဂီသတင်းထောက်တွေက စတင်ဖော်ပြလာနေပြီ ဖြစ်ပါတယ်။

မေလထဲမှာ လီဗာပူးရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ စတင်လာမယ်လို့ မျှော်လင့်ထားရပြီး နည်းပြကလော့ပ်က ဇူလိုင်လ ၈ ရက်နေ့ ရာသီကြို ပြင်ဆင်မှု ပထမနေ့မှာတင် ကစားသမားသစ်တွေ အပြီးရလိုတယ်လို့ ကလပ် တာဝန်ရှိသူတွေကို တောင်းဆိုထားပြီ ဖြစ်ပါတယ်။

ဥရုဂွေးကွင်းလယ်လူ အူဂါတီအတွက် လီဗာပူးဘက်က ချိတ်ဆက်မှု စတင်ကြောင်းကို ပေါ်တူဂီသတင်းထောက် Bruno Andrade က CNN Portugal သတင်းမှာ ထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လူးဝစ် ဒီယက်စ်နဲ့ ဒါဝင် နူညက်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေလိုပဲ ပေါ်တူဂီဘက်က အသံ စထွက်လာခြင်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဥရောပကို ခြေချလာခဲ့တာ ၂ ရာသီ ရှိပြီဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ အမှတ်ပေးလိဂ်တွေမှာ ပုံမှန်ပါဝင်ကစားနေသူ ဖြစ်ပါတယ်။
စပို့တင်းက ကစားသမားကို ရောင်းချခွင့်ရဲ့ ၇၀% ကိုပဲ ပိုင်ဆိုင်ထားပြီး သူ့ရဲ့ release clause အပြည့်အစုံက ယူရို သန်း ၆၀ ဖြစ်ပါတယ်။

Andrade ကတော့ လီဗာပူးဟာ မက်သရုစ် နူးနက်ကို စောင့်ကြည့်နေကတည်းက အူဂါတီကိုလည်း ကင်းထောက်နေခဲ့တာလို့ ဆိုပါတယ်။ ကလော့ပ်ဟာ ဖာဘင်ညိုရဲ့ နံပါတ် ၆ နေရာအတွက် နောက်ထပ် ကစားသမား လိုချင်နေတာဖြစ်ပြီး အူဂါတီဟာ လီဗာပူးမှာ မရှိတဲ့ ခပ်မာမာ ဘောလုံးရှင်းထုတ်နိုင်သူမျိုးလို့ သိရပါတယ်။

အသင်းမှာ ဘာ့ဆဲတစ်လည်း ရှိနေပေမယ့် စပိန်သားဟာ ကွင်းလယ် ခံစစ်နေရာ ရေရှည် ကစားရဖို့ မရှိဘဲ အနာဂတ်မှာ နံပါတ် ၈ နေရာကို အဓိက ကစားရမှာ ဖြစ်ပါတယ်။