

လီဗာပူးအသင်းက ဆာလာကို ဆက်ထိန်းနိုင်ခဲ့တာဟာ ကိစ္စကြီးဖြစ်ပြီး ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ မန်စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သူ ယုံကြည်ထားကြောင်း ဆက်တန်က ထုတ်ပြောလာခဲ့ပါတယ်။
ဆော်ဒီကလပ်က ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ခြင်းဟာ ဒီရာသီ ကလပ်ရဲ့ ရည်မှန်းချက်ကြီးမှုကို ဖော်ညွှန်းရာ ရောက်တယ်လို့ အင်္ဂလန် သုံးသပ်သူကြီးက ထင်မြင်နေတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ဖာမင်နိုတို့လို ကစားသမားတွေကို အလွတ်ဖြင့် လက်လွတ်ခဲ့ရသလို ဆော်ဒီလိဂ်ထဲ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကိုပါ ထွက်ခွင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ နေရာတွေကို ကွင်းလယ် လူသစ် ၄ ဦးဖြင့် အစားထိုးနိုင်ခဲ့တယ်။
ဒါပေမယ့် အရေးအကြီးဆုံးက ဆာလာကို ဆက်ထိန်းနိုင်ခြင်းဖြစ်ပြီး ဘဏ္ဍာရေးအရ အသုံးစရိတ်ကြီး မရပေမယ့်လို့ အသင်းရဲ့ အဓိက ဂိုးသွင်းစက်နဲ့ အရည်အချင်းကို ထိန်းသိမ်းနိုင်ခြင်း ဖြစ်ခဲ့ပါတယ်။
ဆက်တန်က “ ဆာလာကို ဆက်ထိန်းနိုင်ခြင်းနဲ့အတူ ဒီရာသီက လီဗာပူးအတွက် အရေးကြီးတဲ့ ဘောလုံးရာသီပါ။ ဆော်ဒီဘက်က သူ့ကို ခေါ်ယူဖို့ စကားပြောတာက ကိစ္စကြီးဖြစ်ပေမယ့် သူ လီဗာပူးမှာပဲ ဆက်နေတာကို ကျနော် အတော်လေး ကျေနပ်မိပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းလို့ ကျနော် ထင်တာကြောင့်ပါ ” လို့ သူ့အမြင်ကို ပြောဆိုခဲ့တယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားသလို ရာသီစ ၄ ပွဲမှာ ရမှတ် ၁၀ မှတ် ရယူထားနိုင်ပါတယ်။ ရလဒ်ကောင်းတွေကို ဆက်ထိန်းနိုင်ရင် ဆုဖလား စိန်ခေါ်မယ့် အသင်းအဖြစ် ပြန်ပြီး ရပ်တည်လာနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။