

နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးခဲ့ပြီဖြစ်ကာ လီဗာပူး စီနီယာ ကစားသမား အများအပြားဟာ အသင်းထံ ပြန်ရောက်လာခဲ့ကြပါပြီ။
အက်ဆာလေ့ကျင့်ရေးမှာ ကလော့ပ်နဲ့ နည်းပြအဖွဲ့ဟာ အသင်းသား အများအပြားကို ကွပ်ကဲနေခဲ့ပေမယ့် အဓိက ကစားသမား အချို့ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ လီဗာပူးအသင်းဟာ ဒီအပတ်မှာ ဝုဗ်အသင်း အိမ်ကွင်းထံသွားပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ခံစစ်မှူး ဗန်ဒိုက်ဟာ နယူးကာဆယ်ပွဲမှာ ရခဲ့တဲ့ အနီကဒ်အပေါ် တုန့်ပြန်မှုကြောင့် ထပ်တိုး တစ်ပွဲပယ် ရင်ဆိုင်ထားရကာ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
Good morning, lads 👋😁 pic.twitter.com/hGYZlljwbX
— Liverpool FC (@LFC) September 14, 2023
အသင်းရဲ့ လေ့ကျင့်ရေးမှာ ဗန်ဒိုက်၊ ဆာလာ၊ ဟာဗေး၊ ဆီမီကတ်စ်၊ ရိုဘို၊ ဘာ့ဆဲတစ်၊ ဆိုဘိုစလိုင်တို့အပြင် နွေခေါ်ယူမှု အသစ်ဖြစ်တဲ့ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်လည်း ပါဝင်လာခဲ့ပါတယ်။
ဒဏ်ရာကြောင့် ၂ ပွဲနားနေရတဲ့ အီဘူးလည်း ပြန်ပါလာနိုင်ပြီး သီယေဂိုနဲ့ ထရန့်လည်း အက်ဆာကို ပြန်ရောက်လာပေမယ့် အသင်းလိုက် လေ့ကျင့်ရေး မဝင်နိုင်သေးပါဘူး။
ထရန့်နဲ့ ဗန်ဒိုက် ပါဝင်နိုင်ဖွယ် မရှိတာကြောင့် ဝုဗ်ပွဲအတွက် ဖြစ်လာနိုင်ဖွယ် ခံစစ်အတွဲဟာ ရိုဘို၊ မာတစ်၊ အီဘူး၊ ဂိုးမက်စ်တို့ဖြစ်လာနိုင်ပြီး အရန်မှာတော့ ကွမ်းဆက် ရှိနေမှာ ဖြစ်ပါတယ်။
အယ်လီဆန်၊ မက်ကယ်လစ္စတာ၊ ဒါဝင်နဲ့ ဒီယက်စ်တို့ကတော့ အားလပ်ရက် ၁ ရက် ရခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ကြံ့ခိုင်ရေး စစ်ဆေးမှု ခံယူပြီးရင် မနက်ဖြန်မှာ လေ့ကျင့်ရေး ပြန်ဝင်ကြဖို့ ရှိပါတယ်။