လီဗာပူးအသင်းမှာ တတိယ လုပ်ခ အမြင့်ဆုံးရသူ ဖြစ်လာတဲ့ ဂိုးသမား အယ်လီဆန်

ဘရာဇီး ဂိုးသမား အယ်လီဆန်ဟာ သူ့ရဲ့ စာချုပ်ပါ အချက်အရ လီဗာပူးအသင်းရဲ့ လုပ်ခ အမြင့်ဆုံးရ အသင်းသား စာရင်းထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၈ မှာ ထိုစဉ်က ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ရိုးမားကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ အယ်လီဆန်ဟာ ယာဂင်ကလော့ပ်ရဲ့ လူစာရင်းမှာ အရေးကြီးဆုံး အသင်းသားတစ်ဦး ဖြစ်ပါတယ်။

The Athletic မှ လီဗာပူးသတင်းထောက် James Pearce ရဲ့ ဖော်ပြချက်အရ အယ်လီဆန်ဟာ ၂၀၂၇ ခုနှစ်ထိ သက်တမ်းတိုးထားတဲ့ သူ့ရဲ့ စာချုပ်ပါ အချက်တွေအရ ဒီနွေမှာ လုပ်ခပိုင်း တိုးရခဲ့ပါတယ်။ အယ်လီဆန်ဟာ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း အထက်ရနေကာ လီဗာပူးအသင်းမှာ သူ့ထက် လုပ်ခပိုရသူတွေကတော့ ဆာလာနဲ့ ဗန်ဒိုက်တို့ပဲ ရှိပါတော့တယ်။

လီဗာပူးအသင်းဟာ တစ်နှစ် ပေါင် ၃၆၈ သန်းဖြင့် ပရီးမီးယားလိဂ်ရဲ့ ဒုတိယ လုပ်ခ အမြင့်ဆုံး ပေးချေနေတဲ့ ကလပ်ဖြစ်ထားခဲ့ပေမယ့် ကလပ်ရဲ့ လုပ်ခပိုင်း ပုံစံတွေဟာ အခြားအသင်းတွေနဲ့ အနည်းငယ် ကွာခြားမှုရှိပါတယ်။

ကစားသမားတွေရဲ့ ပွဲထွက်ပေးနိုင်မှု၊ စွမ်းဆောင်ရည်နဲ့ စာချုပ်ပါ အချက်အလက် ပြည့်စုံမှုတွေအပေါ် မူတည်ပြီး ဆုကြေးပေးခြင်း၊ လုပ်ခ တိုးမြင့်ခြင်းတွေအပြင် ဆုဖလား အောင်မြင်မှုတွေအတွက် သီးသန့် ဆုကြေးစနစ်တွေ ပါဝင်ထားတာ ဖြစ်ပါတယ်။

ဒီနွေမှာ ဆော်ဒီဘက်က အယ်လီဆန်ကို ခေါ်ယူနိုင်ရေး အလေးအနက် ကြိုးစားခဲ့ပေမယ့် ဂိုးသမားက မာဆေးဆိုဒ်မှာပဲ ပျော်ရွှင်နေခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ကလပ်ကို ငြင်းဆန်ခဲ့ပါတယ်။ မနှစ်ကထက် လုပ်ခပိုင်း ပိုရဖို့ ရှိခြင်းကလည်း ဆော်ဒီကလပ်ထံ မပြောင်းဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။