လီဗာပူးအသင်း ကျော်ဖြတ်ပြဖို့ လိုလာတဲ့ စိတ်ဆင်းရဲစရာ နေ့ခင်း ၁၂ နာရီခွဲ မှတ်တမ်းဆိုး

ဒီအပတ် စနေနေ့မှာ လီဗာပူးအသင်းဟာ ဒီနှစ်တွေအတွင်း ကလပ် ရင်ဆိုင်ထားရတဲ့ စိတ်ဆင်းရဲစရာ စိန်ခေါ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ အလေးအနက် အားထုတ်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ် အပြီး ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် ဗြိတိန်စံတော်ချိန် နေ့ခင်း ၁၂ နာရီခွဲမှာ ဝုဗ်အသင်းထံ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မနှစ်ကရာသီမှာတော့ ၁၂ နာရီခွဲ ပွဲတွေမှာ အသင်းဟာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။

လီဗာပူးအသင်းဟာ မနှစ်တုန်းက ၁၂ နာရီခွဲပွဲ ၆ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။ သတင်းကောင်းကတော့ ဒီရာသီမှာ အသင်းဟာ ယူရိုပါလိဂ် ကစားရတာကြောင့် ၁၂ ခွဲပွဲတွေ အများကြီး ကစားရဖို့ မရှိပါဘူး။

12.30pm results in 2022/23

  • Fulham 2-2 Liverpool
  • Everton 0-0 Liverpool
  • Nottingham Forest 1-0 Liverpool
  • Liverpool 0-0 Chelsea
  • Bournemouth 1-0 Liverpool
  • Man City 4-1 Liverpool

အသင်းကြီးတိုင်းဟာ နိုင်ငံတကာသီတင်းပတ် အပြီး ပထမဆုံး ပြန်ကစားရတဲ့ ပွဲစဉ်ကို အတော်လေး ဂရုစိုက်ကြရလေ့ ရှိပါတယ်။ ကစားသမားတွေဟာ မတူညီတဲ့ လက်ရွေးစင်အသင်းတွေမှာ မတူညီတဲ့ စနစ်တွေကို ကစားလာခဲ့ပြီး ကလပ်ထံ ပြန်ရောက်လာချိန်မှာ စနစ်မှာ ချက်ခြင်း ပြန်ပြီး အံဝင်ဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာပွဲကနေ ပြန်ပူးပေါင်းချိန်မှာ ကစားသမားတွေဟာ နားရက် နည်းပါတာတွေ၊ ဒဏ်ရာပြဿနာ ပါလာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် အသင်းကြီးတွေနဲ့ လက်ရွေးစင် စေလွှတ်ရမှု နည်းပါးတဲ့ အသင်းငယ်တွေဟာ ဒီလိုအပတ်မှာ အင်အားခြင်း အနည်းငယ် မျှတလေ့ရှိပါတယ်။

လီဗာပူးအသင်းဟာ တောင်အမေရိကသားတွေဖြစ်တဲ့ ဒီယက်စ်၊ ဒါဝင်၊ မာကာ၊ အယ်လီဆန်တို့ကို နားရက် ၁ ရက် ပိုပေးထားရတယ်။ ဗန်ဒိုက်နဲ့ ထရန့်ကလည်း ပွဲပယ်နဲ့ ဒဏ်ရာကြောင့် ပါနိုင်ဖွယ် မရှိပါဘူး။ ဒါကြောင့် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် ဒီပွဲကို ဂရုစိုက်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။