နိုင်ငံတကာသီတင်းပတ်အပြီး ပရီးမီးယားလိဂ်ပွဲတွေ စတင်လာရာမှာ လီဗာပူးအသင်းဟာ ဗြိတိန်စံတော်ချိန် နေ့ခင်း ၁၂ နာရီခွဲပွဲအဖြစ် ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Team News
- တံကောက်ကြော ဒဏ်ရာကြောင့် ထရန့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
- အီဘူး အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်နိုင်ခဲ့တာ ၂ ရက် ရှိနေပါပြီ။
- ဗန်ဒိုက် တစ်ပွဲပယ်ခံရမှာဖြစ်ကာ သီယေဂို ဒဏ်ရာကြောင့် ပွဲထွက်နိုင်ဦးမှာ မဟုတ်ပါဘူး။
- ဝုဗ်ပွဲ ကစားရဖို့ ၂၄ နာရီပဲ လိုတော့ပေမယ့် တောင်အမေရိက ကစားသမားတွေကို မမြင်ရသေးဘူးလို့ သိရပါတယ်။
Liverpool XI vs. Wolves
အယ်လီဆန် ဂိုးဖမ်းပေးဖို့ အဆင်ပြေမှာဖြစ်ပြီး ခံစစ်မှာတော့ ညာအစွန်အတွက် ဂိုးမက်စ်ကို ထုတ်သုံးကာ ဗဟိုခံစစ်အတွဲအဖြစ် ကိုနတေးနဲ့ မာတစ်တို့ကို နေရာချဖွယ် ရှိပါတယ်။ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်ပဲ ဆက်လက် နေရာရမှာဖြစ်ကာ လေးယောက်တန်း ခံစစ်ပုံစံကိုပဲ အသားပေးဖွယ် ရှိပါတယ်။
ကွင်းလယ်မှာတော့ ဒီအပတ်မှ စပြီး အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်လာတဲ့ ဂရာဗင်ဘက်ချ်ကို ပွဲထုတ်ဦးမှာ မဟုတ်ပါဘူး။ အဲ့အစား အန်ဒို၊ ကာတစ်ဂျုံးနဲ့ ဆိုဘိုစလိုင်းတို့ ၃ ဦးကို တွဲထုတ်လာဖွယ် ရှိပါတယ်။ မာကာကို အရန်စာရင်းမှာ ထည့်ထားပြီး ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့ ပွဲနေ့ ကြံ့ခိုင်မှုမျိုး ရှိနေမှာပါ။
တိုက်စစ်ကတော့ ဆာလာ၊ ဂျိုတာနဲ့ ဂက်ပိုတို့ကို ထုတ်လာကာ ဒါဝင်နဲ့ ဒီယက်စ်တို့ အရန်စာရင်းကနေ ပါဝင်လာမယ် ခန့်မှန်းရပါတယ်။
အသင်းဟာ ဒီရာသီ အဖွင့်ပွဲ ၄ ပွဲမှာ ရမှတ် ၁၀ မှတ်ရထားပြီး ဝုဗ်ပွဲမှာ ရလဒ်ကောင်းခဲ့ရင် ကောင်းမွန်တဲ့ တာထွက်တစ်ခုကို ဆက်ထိန်းသွားနိုင်မှာ ဖြစ်ပါတယ်။