၁၂ ခွဲကန်ရလဲ ဘာဖြစ်လဲ? လို့ မေးခံရချိန်မှာ ဒေါသထွက်ခဲ့တဲ့ နည်းပြ ယာဂင်ကလော့ပ်

ဒီအပတ် ဝုဗ်နဲ့ပွဲကြိုမှာ လီဗာပူး သတင်းထောက် James Pearce က မနှစ်ကရာသီ နေ့ခင်း ၁၂ ခွဲ ပွဲတွေမှာ နိုင်ပွဲ လုံးဝ မရှိခဲ့တာဟာ ဘာကြောင့်လဲ? ပြင်ဆင်ချိန် မရှိလို့လား? တစ်ပတ်လုံး အနားမရလို့လား? ဆိုပြီး မေးမြန်းခဲ့ပါတယ်။

အင်္ဂလန် ထိပ်သီးအသင်း နည်းပြတိုင်းဟာ ကြားရက်မှာ ပွဲရှိခဲ့ရင် ပြန်လည် အားဖြည့်ချိန် လုံလုံလောက်လောက် မရှိခြင်းကြောင့် နေ့ခင်း ၁၂ နာရီခွဲပွဲ ကစားရတာမျိုးကို ရှောင်လိုကြတယ်။ လီဗာပူးအသင်းဟာ မနှစ်က ဘောလုံးရာသီမှာ နေ့ခင်း ၁၂ နာရီ ခွဲ ပွဲစဉ် ၆ ပွဲ ကစားခဲ့ပြီး တစ်ပွဲမှ မနိုင်ခဲ့ပါဘူး။

အရင်နှစ်တွေက လီဗာပူးအသင်းကပဲ ၁၂ နာရီခွဲပွဲတွေ အများဆုံး ကစားရပြီး ဒီရာသီ နိုင်ငံတကာ သီတင်းပတ်အပြီး ၄ ကြိမ် ကစားရမယ့် နေ့ခင်းပွဲတွေမှာ လီဗာပူးက ၂ ပွဲ ပါဝင်နေဆဲမို့ ပွဲစဉ်ဇယား ရေးဆွဲမှုမှား အခြားသော အင်္ဂလန် ထိပ်သီးတွေလို မျက်နှာသာပေးခြင်း မခံရပါဘူး။

ပြောလည်း မထူးတာမို့ ဒီရာသီ နေ့ခင်းပွဲအကြောင်း မပြောဘဲ နေနေချိန် သတင်းထောက်က ဒီလို မေးခွန်းထုတ်လာခြင်းဟာ ကလော့ပ်ကို ဒေါသထွက်စေခဲ့ပါတယ်။

ကလော့ပ်ကပဲ “ မင်းဒီမေးခွန်းကို အတည်ကြီး မေးနေတာလား။ ဘိုလီဗီးယားပွဲကို ပြီးခဲ့တဲ့ နာရီ ၃၀ လောက်ကမှ ကစားခဲ့တာက ဘာများ ကွာခြားသွားလို့လဲ ဆိုတာမျိုး မင်းမေးချင်နေတာလား?

တစ်ပတ်လုံး နားရရင်တော့ အဲ့တာက ဘာမှ ပြဿနာ မဟုတ်ဘူးပေါ့ကွာ။ တကယ့် ပြဿနာက အနားယူဖို့ အချိန် မလောက်ခဲ့တာကွ။ တစ်ပတ်လုံး နားပြီးမှ ကစားရရင် ပြဿနာ မဟုတ်ဘူး၊ တစ်ခုတည်းသော ပြဿနာက ကစားသမားတွေ နားချိန်တောင် မရတာပဲ။

မတ်လအထိ နိုင်ငံတကာသီတင်းပတ် ၄ ခုရှိတယ်။ အဲ့မှာ ငါတို့အသင်းက ၂ ကြိမ်တိုင် နေ့ခင်း ၁၂ နာရီခွဲပွဲ ကစားရမှာ။ ငါတစ်ခုခု ထပြောကြည့်ပါလား ယာဂင်ကလော့ပ်က ညည်းပြန်ပြီလို့ တလောကလုံး ပွထအောင် သတင်းလုပ်ကုန်တော့မှာပဲ။ ဒါပေမယ့် ဝုဗ်ပွဲ ကစားဖို့ ၂၄ နာရီပဲ လိုတော့တာတောင် ငါတို့ရဲ့ တောင်အမေရိက ကစားသမား တစ်ယောက်မှကို အခုထိ မမြင်ရသေးဘူး။

ငါပြောလည်း သူတို့ (လိဂ်တာဝန်ရှိသူတွေ) နားမထောင်ဘူး၊ အဲ့တာကြောင့် ငါလည်း တောင်းဆိုမနေတော့ဘူး။ အဲ့တာကို မင်းကလာပြီး နေ့ခင်း ၁၂ နာရီခွဲ ကန်ရတော့လဲ ဘာဖြစ်လို့လဲ? နေ့လည်စာစားချိန်မို့လား? လာမေးနေတယ်။ ” လို့ တုန့်ပြန်ပါတယ်။

ကလော့ပ်ကတော့ ကစားသမားတွေ လုံလောက်တဲ့ နားချိန်ရအောင် သူ့ရဲ့ တောင်းဆိုမှုကို ဂရုမစိုက်ခဲ့တဲ့ James Pearce ကို ဒေါသထွက်နေပြီး အဆုံးသတ်မှာတော့ “ မင်းဘာသာ ကိုယ်ပိုင် ထင်မြင်ချက်တွေပဲ ရေးနေလိုက်တော့၊ ဘာ source မှ မရှာနဲ့တော့ ” လို့ ခပ်တင်းတင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။