နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံး ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝုဗ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ဆာလာ ခြေစွမ်းပြ ဖန်တီးပေးမှုတွေနဲ့အတူ အသင်းက ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ပွဲမတိုင်ခင်တည်းက မနှစ်ကရာသီ ၁၂ နာရီခွဲပွဲတွေ နိုင်ပွဲ လုံးဝ မရှိခဲ့ခြင်းဟာ ပြောစရာကိစ္စ ဖြစ်နေခဲ့ပါတယ်။ ဝုဗ်ပွဲမတိုင်ခင် နာရီ ၃၀ အလိုမှာ မက်ကယ်လစ္စတာက အာဂျင်တီးနားအတွက် ပွဲကစားခဲ့ရသလို တောင်အမေရိကသားတွေဟာ ပွဲကြို ၂၄ နာရီထိ အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ထရန့် ဒဏ်ရာရနေခြင်း ဗန်ဒိုက် ပွဲပယ် ထပ်ရှိနေခြင်းတွေကပဲ ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ ဖြစ်စေခဲ့ပါတယ်။
ဝုဗ်နဲ့ပွဲ ပထမပိုင်းမှာ အသင်းဟာ အထနှေးခဲ့သလို ဘောလုံးပိုင်ဆိုင်မှုတွေအတွင်း မက်ကယ်လစ္စတာ၊ ဆိုဘိုစလိုင်လို အဓိက အားထားရတဲ့ ကွင်းလယ်လူတွေ ဘောလုံးပေးတာတွေ အပျက်များခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လီဗာပူးဂျာစီ ဝတ်ဆင်ရင်း အညံ့ဆုံး ၄၅ မိနစ်ကို ကစားခဲ့ကြတာပါ။
ခံစစ်မှာ အတော်လေး သက်လုံကျနေတဲ့ မာတစ်နဲ့ တွဲဘက် ညာအစွန်လူ ဂိုးမက်စ်တို့ရဲ့ ခပ်သွက်သွက် ပွဲကို မစတင်နိုင်ခြင်းကလည်း ဦးဆောင်ဂိုး ပေးခဲ့ရစေပါတယ်။
ဒုတိယပိုင်း အစမှာတင် ပွဲပန်းနေတဲ့ မက်ကယ်လစ္စတာကို ထုတ်ပြီး လူးဝစ် ဒီယက်စ်ကို လူစားလဲခဲ့ပါတယ်။ ဒီလူစားလဲမှုဟာ အသင်းရဲ့ ကစားကွက်အပေါ် သက်ရောက်ခဲ့ပြီး ဒီယက်စ်ရဲ့ ဘယ်ခြမ်းကနေ တိုက်ရိုက် ဘောလုံးဆွဲယူ ထိုးဖောက်မှုဟာ အသင်းဖော်တွေကို နေရာလွတ်တွေ ရစေခဲ့ပါတယ်။
ဦးဆောင်ဂိုးရခဲ့အပြီး ဂျိုတာ၊ ဂက်ပိုနေရာ ဒါဝင်နဲ့ ဟာဗေးတို့ ဝင်လာချိန်မှာတော့ အသင်းဟာ လန်းဆန်းတဲ့ ခြေထောက်တွေနဲ့အတူ ကစားကွက်ပိုင်း ပိုမို စီးမိုးသွားခဲ့ပါတယ်။ တိုက်စစ်ကစားဟန် အသက်ဝင်လာခြင်းနဲ့အတူ ခံစစ်ကြောင်းကလည်း တော်တော်လေး သက်သာရာရခဲ့တာပါ။
ဦးဆောင်ဂိုးတွေအတွက် ဆာလာအပြင် ရိုဘိုရဲ့ တစ်ဦးချင်း ပါးနပ်မှု၊ ဒီယက်စ်နဲ့ ဒါဝင် အတွဲရဲ့ ဘယ်ခြမ်းကနေ ရုပ်ပိုင်းဆိုင်ရာ အားပြု ဖောက်ထွက်မှုတွေကိုလည်း အသိအမှတ် ပြုရမှာဖြစ်ပါတယ်။
ဒီကနေ့ပွဲမှာ အသက် ၂၀ အရွယ် ခံစစ်မှူး ကွမ်းဆက်ဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ခြေစွမ်း ပြသခဲ့ပြီး လူစားလဲချိန်မှာ ကြွက်တက်နေခဲ့တာကလည်း ပွဲကြီး ကစားမှု နည်းပါးခြင်းရဲ့ သက်ရောက်မှု ဖြစ်ပါတယ်။
ဒီပွဲလို နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံးပွဲတို့၊ ၁၂ နာရီခွဲပွဲတို့ စီနီယာအချို့ မပါနိုင်ခြင်းတို့ အစရှိတဲ့ အသေးစိတ်ကျတဲ့ ကိစ္စတွေကနေပဲ ကလပ်တစ်သင်း ကျရှုံးခြင်း အောင်မြင်ခြင်းတွေ ဖြစ်လာရတာပါ။
အခုချိန်ထိတော့ အသင်းဟာ ဘယ်လိုနည်းနဲ့မဆို နိုင်ပွဲရအောင် ယူနိုင်နေဆဲဖြစ်ပြီး ရာသီအဖွင့် ၅ ပွဲကစား ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နေခဲ့ပြီ ဖြစ်ပါတယ်။