

ဝုဗ်ကို မတူညီတဲ့ ခြေစွမ်းတွေဖြင့် နှစ်ပိုင်း ကစားခဲ့အပြီး ပွဲအပြီးမှာ နည်းပြကလော့ပ်က ပထမပိုင်းအတွင်း အသင်းရဲ့ ခြေစွမ်းဟာ အရမ်း ညံ့ခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။
ဒီပွဲကို ဘာကြောင့် ရုန်းကန်ခဲ့ရသလဲ ဒုတိယပိုင်းမှာ လူစားလဲမှုတွေ လုပ်ခဲ့ရသလဲ ဆိုတာတွေကိုလည်း အခုလို ဆက်ပြီး ရှင်းပြခဲ့ပါတယ်။
” ကျနော်တို့အတွက်က ပထမပိုင်းမှာထက် ပိုကောင်းကောင်းကစားဖို့ လိုခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းသား တချို့က ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေခဲ့တာပါ။ အကောင်းဆုံး အခြေအနေမှာ မရှိနေဘဲ မှန်မှန် မလုပ်နိုင်ခဲ့ဘူး။ ဒုတိယပိုင်းမှာ အကောင်းဆုံး အခိုက်အတန့်တွေရဖို့ အားထုတ်ခဲ့ရပါတယ်။ ကျနော်တို့ လုပ်နိုင်ခဲ့တယ်။
နိုင်ငံတကာသီတင်းပတ် အပြီး ဘယ်သူက ဒီပွဲကစားဖို့ အဆင်ပြေမလဲ ကျနော်တို့ ကြိုးစား အဖြေထုတ်ကြည့်ရတယ်၊ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတော့ မရှိခဲ့ဘူးပေါ့။ ပထမပိုင်း ခြေစွမ်းထက် ပိုဆိုးရွားစရာ မရှိတော့ပါဘူး။
ဒါကြောင့်ပဲ ဒုတိယပိုင်းမှာ နည်းစနစ်ပိုင်းအရကော ရုပ်ပိုင်းဆိုင်ရာအရ လူစားလဲမှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ ပွဲကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တယ် အတော်လေးကောင်းတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကျနော်တို့ နိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ခြေပဂိုး သွင်းနိုင်ခဲ့တယ် ပွဲကို ဆက်ထိန်းချုပ်ပြီး အနိုင်ရဖို့ ကြိုးစားခဲ့တယ်။ ဒီပွဲ အနိုင်ရတာက ကျနော်တို့အတွက် တကယ်ကြီးကို အရေးပါခဲ့ပါတယ် ” လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။
လီဗာပူးရဲ့ အရန်ခုံတန်းဟာ မနှစ်ကထက်စာရင် ပိုကောင်းလာပါတယ်။ ကွင်းထဲမှာလည်း နောက်ကနေ လိုက်ကစားရပေမယ့် နိုင်ပွဲရအောင် တုန့်ပြန်မှုတွေ လုပ်လာနိုင်တယ်။ ဒါတွေကြောင့်ပဲ မနှစ်က ရုန်းကန်ရမှုတွေကနေ လီဗာပူး ပြန်လာပြီလား မေးခွန်းကို ကလော့ပ်က အခုလို တုန့်ပြန်ပါသေးတယ်။
” ဘောလုံးရာသီ အစောပိုင်းပဲ ရှိပါသေးတယ်။ ကျနော်တို့ ပထမပိုင်းတွေ ပိုကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။ အသင်းက အခုထိ အထိုင်မကျသေးပါဘူး။ ကိစ္စတွေ အများကြီးက အသစ်တွေဖြစ်နေတယ်။ ကျနော်ကော အသင်းသားတွေပါ ဒီအတွက် အလုပ်လုပ်နေပါတယ်။ ” လို့ နည်းပြကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။