ဝုဗ်နိုင်ပွဲအပြီး အမှတ်ပေးဇယား တတိယမှာ ရှိနေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီး လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရမှတ် ၁၃ မှတ်ဖြင့် ရှိနေပါတယ်။

ဝုဗ်ကို အနိုင်ယူပြီးတဲ့နောက် နိုင်ငံတကာသီတင်းပတ်ကလည်း ငါတို့ကို မရပ်တန့်နိုင်ပါဘူးလို့ ဆိုဘိုစလိုင်က အင်စတာဂရမ်ကနေ ထုတ်ပြောခဲ့ပါတယ်။ လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲအပြီးဆိုရင် ရလဒ်မကောင်းတဲ့ အလေ့အထ ရှိခဲ့တာပါ။

ပွဲပန်းနေတဲ့ မာကာကို ပွဲထွက်လူစာရင်းကနေ ထည့်ခဲ့တာ မှားယွင်းခဲ့တယ်လို့ နည်းပြကလော့ပ်က ဝန်ခံပါတယ်။ မာကာဟာ ဝုဗ်ပွဲမတိုင်ခင် နာရီ ၃၀ ကမှ ဘိုလီဗီးယားပွဲ ကစားထားပြီး အင်္ဂလန်ကို ၁၂ နာရီကြာ လေယာဉ်စီးလာခဲ့တာပါ။

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့်ကို ရခဲ့တဲ့ ကွမ်းဆက်ဟာ မနေ့ကပွဲအပြီး အင်္ဂလန်မီဒီယာတွေထက်မှာ အတော်လေး နာမည်ရသွားခဲ့ပါတယ်။

ဝုဗ်ဘက်ကို တတိယဂိုးသွင်းအပြီး ပရိသတ်ဘက် ချက်ခြင်းပြေးဝင် အောင်ပွဲခံတဲ့ ဟာဗေးရဲ့ အောင်ပွဲခံမှုဟာ စစ်မှန်တဲ့ ချစ်ခြင်းတွေ ပါဝင်နေကြောင်း လီဗာပူးပရိသတ်တွေ ချီးကျုးခဲ့ကြပါတယ်။ ဟာဗေးဟာ လီဗာပူး အမာခံပရိသတ် မိသားစုကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။

ဒါဝင် နူးညက်စ်ကို မထိန်းချုပ်နိုင်ဘဲ မြေပေါ် ပစ်လဲကျသွားတဲ့ ဒေါင်ဆန်ကို ဝုဗ်ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ တတိယဂိုးဖြစ်ဖို့ တိုက်စစ်ပိုင်း စတင်ခြင်း ဖြစ်ခဲ့ပါတယ်။

မနေ့ကပွဲမှာ ပရိသတ်တွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုရှင်အဖြစ် ကြေညာရာမှာ ဆာလာရဲ့ ဓါတ်ပုံအတွင်း ကလပ်ရဲ့ အဓိက စပွန်ဆာ တစ်ခုဖြစ်တဲ့ Carlsberg ဘီယာတံဆိပ်ကို ဖြုတ်ထားပြီး ကလပ်ဘက်က တိုက်စစ်သမားအပေါ် လေးစားမှု ပြသခဲ့ပါတယ်။

ဝုဗ်ကို အနိုင်ရတဲ့ပွဲအတွင်း ဒုတိယပိုင်းမှာ အသင်း ပြောင်းကစားခဲ့တဲ့ ကစားကွက်ဟာ ၄-၄-၂ ဖြစ်တယ်လို့ ရော်ဘတ်ဆန်က ပြောပါတယ်။

ဒီရာသီ လီဗာပူးအသင်းရဲ့ လူစားလဲမှုတွေဟာ အတော်လေး မှန်ကန် အကျိုးဖြစ်ပြီး ဒါဟာ လူစာရင်း တောင့်တင်းလာမှုရဲ့ အကျိုးဆက်ဖြစ်သလို ကလော့ပ် စိတ်ကြိုက် ကစားသမားတွေ ရွေးချယ်လာနိုင်ခြင်းကြောင့်လို့ သုံးသပ်ခံနေရပါတယ်။