အထနှေးခြင်း၊ စိတ်ဓါတ် မာကျောခြင်း၊ လူစာရင်း တောင့်တင်းမှု၊ မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ ဝုဗ်နိုင်ပွဲအပြီး စကားပြောစရာများ

အထနှေးမှု

ဒီရာသီ ပွဲစဉ် ၅ ပွဲမှာ ချယ်ဆီးနဲ့ အက်စတွန်ဗီလာ ပွဲကလွဲရင် ကျန် ၄ ပွဲလုံးမှာ အသင်းက အထနှေးပါတယ်။ ချယ်ဆီးပွဲမှာတော့ ပွဲတန်းပိုကို မထိန်းနိုင်ဘဲ ပြိုင်ဘက်ရဲ့ လွှမ်းမိုးကစားခြင်းကို ခံခဲ့ရပါတယ်။ အက်စတွန်ဗီလာပွဲ တစ်ပွဲပဲ အသင်းဘက်က ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ပါတယ်။

ဒီရာသီ အထနှေးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဝုဗ်ပွဲမှာတော့ လက်ရွေးစင်တွေမှာ ခြားနားတဲ့ စနစ်တွေနဲ့ ကစားခဲ့ပြီး လီဗာပူးစနစ်မှာ ချက်ခြင်း ပြန်အထိုင်မကျတာနဲ့ ကစားသမား အချို့ ပွဲပန်းနေတာက စွမ်းဆောင်ရည်ပေါ် ပိုပြီး ထိခိုက်စေခဲ့တယ်။ အထနှေးမှုဟာ ရှေရှည် ပြဿနာ မဖြစ်ဖို့ လိုပါတယ်။

စိတ်ဓါတ် မာကျောမှု

အထနှေးမှုဟာ စိုးရိမ်စရာဖြစ်ပေမယ့် စိတ်ဓါတ်မာကျောမှုက အားရဖို့ ကောင်းပါတယ်။ အကြိမ်ကြိမ် နောက်က လိုက်ကစားရပေမယ့် မနှစ်ကလို ပြိုဆင်သွားတာမျိုး မရှိဘဲ ရလဒ်အတွက် အကြိမ်တိုင်း ပြန်လာနိုင်ခဲ့ပါတယ်။ ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်တို့ဟာ အောင်နိုင်သူ စိတ်ဓါတ်မျိုး ရှိကြသူတွေဖြစ်ပါတယ်။

ချန်ပီယံဖြစ်မယ့် အသင်းတွေမှာ အသေးစိတ်ကျတဲ့ ကောင်းကွက်တွေရှိပါတယ်။ တိုက်စစ်ကောင်းတာ၊ ခံစစ်ကောင်းတာ၊ လူစာရင်းတောင့်တင်းတာ ပွဲထဲမှာ ဒိုင်ဆုံးဖြတ်ချက်တွေ ကံကောင်းတတ်တာမျိုးတွေပါ။ အားလုံးထဲမှာ အရေးကြီးဆုံးနဲ့ အဓိက အချက်က ဘယ်လို အခြေအနေမှာမဆို နိုင်ပွဲ ယူနိုင်ခြင်း ဖြစ်ပါတယ်။

မိုဆာလာ

ဆာလာ ဂိုးမသွင်းတော့ဘူး၊ ဖန်တီးမှုတွေ လုပ်နေပြီ ဆိုတဲ့ စကားကို အခုဆိုရင် လူတိုင်း ပြောလာနေပါပြီ။ လီဗာပူးပရိသတ်တွေကတော့ ဒါကို ရာသီကြိုတည်းက သတိထားမိကြပါတယ်။ ရာသီကြိုမှာ ဒါဝင် ဂိုးရဖို့ ဆာလာ အတော်လေး ဖန်တီးပေးနေလို့ ဒါဝင်-ဆာလာအတွဲအပေါ် အတော်လေး မျှော်လင့်ခဲ့ကြတာပါ။

အသက် ၃၁ နှစ်အရွယ် ဆာလာဟာ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းသွားတာထက် ပိုပြီး ရင့်ကျက်လာတဲ့ သဘောမှာ ရှိပါတယ်။ ဆာလာဟာ အခုချိန်ထိ အရှိန်နဲ့ ပြေးနိုင်ဆဲ တိုးအားတွေ ရှိနေဆဲပါ။ ဒါပေမယ့် သူဟာ တစ်ကိုယ်တည်း စွမ်းဆောင်ပြဖို့ထက် တွဲလုံးတွေကို ပိုပြီး မက်မောလာဟန် ရှိပါတယ်။

ဆာလာရဲ့ ဘောလုံး ဦးနှောက် ဘယ်လောက်ကောင်းလဲ အရင်ရာသီမှာတည်းက သိကြပါတယ်။ သူ့ရဲ့ ဂိုးသွင်းနှုန်းကောင်းနေလို့ မသိသာပေမယ့် ဆာလာဟာ ဖန်တီးမှုပိုင်းမှာလည်း ဂိုးသွင်းနိုင်သလောက်ကို ကောင်းမွန်သူပါ။ ထရန့် အတွင်းထဲ ဝင်သွားခြင်းနဲ့အတူ ညာခြမ်းရဲ့ ဖန်တီးမှုတွေကို သူကပဲ ဒိုင်ခံ တာဝန်ယူဖို့ ရှိပါတယ်။

လူစာရင်း တောင့်တင်းမှု

ဒီရာသီမှာ လီဗာပူးအသင်းက ကွင်းလယ်လူသစ် ၄ ဦး ခေါ်ယူခဲ့ပေမယ့် လူတိုင်း သတိမထားမိတာ တစ်ချက်ရှိပါတယ်။ အဲ့တာက မနှစ်က ကာလရှည် နားနေရတဲ့ ဂျိုတာ၊ ဒီယက်စ်တို့ ဒီရာသီ ကြံ့ခိုင်မှု ကောင်းနေခြင်းပါ။ အသင်းတိုက်စစ်ဟာ ဒီရာသီမှာ ကလော့ပ်လက်ထက် အတောင့်တင်းဆုံးလိုတောင် ပြောနိုင်ပါတယ်။

မနှစ်က ဒဏ်ရာ ပြဿနာတွေကြောင့် နည်းပြကလော့ပ်မှာ လှည့်သုံးစရာ တိုက်စစ်သမား မရှိဘဲ ဒါဝင်ကို နေရာလိုက်ချပြီး ဖိအားဝင်စေခဲ့ပါတယ်။ ဒီရာသီမှာတော့ စိတ်ရှည်ရှည်ထားပြီး တိုက်စစ်တွဲဘက်တွေကို နေရာချနေပါတယ်။ လူတိုင်းက ဒါဝင်ကို ပွဲထွက်မှာ မြင်လိုပေမယ့် ကိစ္စ မရှိပါဘူး လူစားဝင်ရင်း သူခြေစွမ်းပြနေရင်လည်း အဆင်ပြေပါတယ်။

စွမ်းဆောင်ရည်အရတော့ လက်ရှိ လီဗာပူးကစားနေတာဟာ ချန်ပီယံ ခြေစွမ်း မဟုတ်ပါဘူး။ ဒါကို ဝန်ခံရပါမယ်။ အရေးကြီးတာက ညံ့နေတာကို အကောင်းဘက်ရောက်အောင် ပြောင်းလဲနိုင်စွမ်း ဖြစ်ပါတယ်။ ဒီရာသီ ပွဲတိုင်းမှာ ဒီအပြောင်းအလဲဖြစ်အောင် အသင်းဘက်က ကြိုးစားလာနိုင်နေပါတယ်။

မှန်ကန်တဲ့ လူစားလဲမှုတွေ

တောင့်တင်းတဲ့ လူစာရင်းဟာ ရွေးချယ်စရာတွေလည်း ပေးပါတယ်။ ဝုဗ်ပွဲမှာ ပထမပိုင်း ရှုံးနေချိန် အတော်များများက ဂက်ပိုနဲ့ ကာတစ်ဂျုံးကို ထုတ်စေချင်ကြပါတယ်။ နည်းပြကလော့ပ်က မာကာကို ထုတ်ပြီး ဒီယက်စ်ကို ထည့်လိုက်ပါတယ်။ အဲ့နောက် ဂက်ပိုနဲ့ ဂျိုတာကို ထုတ်ပြီး ဒါဝင်နဲ့ ဟာဗေးကို လူစားဝင်စေပါတယ်။

ဒီရာသီစ ချယ်ဆီးပွဲမှာတည်းက ကလော့ပ်ရဲ့ လူစားလဲမှုတွေ ဆက်တိုက် မှန်ကန်နေခဲ့ပါတယ်။ ဒါဟာ မနှစ်က ရွေးချယ်စရာမရှိတဲ့ အရန်လူစာရင်းကနေ ဘာအကျိုးအမြတ်မှ မရခဲ့တာနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကွာခြားတဲ့ အားသာချက် ဖြစ်ပါလိမ့်မယ်။