

နည်းပြကလော့ပ်က မနှစ်ကရာသီ လီဗာပူးရဲ့ နိုင်ပွဲ မမြင်ရသလောက်ဖြစ်တဲ့ အဝေးကွင်း အခြေအနေတွေ ဒီရာသီမှာ ပြန်ကောင်းလာနေလို့ ပျော်ရွှင်ပါကြောင်း ဝုဗ်ပွဲအပြီး ထုတ်ပြောခဲ့ပါတယ်။
ဝုဗ်နိုင်ပွဲအပြီး talkSPORT သတင်းထောက် Sam Matterface က မနှစ်ကရာသီ အဝေးကွင်းပွဲ ၁၉ ပွဲမှာ ၆ ပွဲပဲ နိုင်ခဲ့တာနဲ့ ဒီရာသီ အဝေးကွင်း ရလဒ်တွေ ကွာခြားသွားတာ ပျော်မိလားလို့ ကလော့ပ်ကို မေးခဲ့တာပါ။
ကလော့ပ်က ” ပိုကောင်းလာပါတယ်၊ ခံစားချက်တွေ ပိုကောင်းလာတယ်။ ကျနော်က အဝေးပွဲတွေ အနိုင်ရတဲ့ အခါတိုင်း ဘီယာ တစ်ခွက်တည်း သောက်လေ့ရှိပါတယ်။ မနှစ်ကဆို ကျနော် ဘီယာ ပြတ်သလောက်တောင် ဖြစ်သွားတယ် (ရယ်လျက်)။ ဒီတော့ ပိုကောင်းလာပေါ့ဗျာ။
ဒါပေမယ့်လို့ ကိစ္စတိုင်းက အသစ်တွေဆိုတာ ကျနော်တို့ သိပါတယ်။ မနှစ်က အခြေအနေကိုချည်း ပြန်ပြီး ထောက်ပြနေလို့ မရဘူး။ ကျနော်တို့ ညံ့ခဲ့တာတွေက အခုချိန်မှာ အသုံးဝင်လာပါတယ်။
ဒါပေမယ့် အဝေးကွင်း ရလဒ်ကိုပဲ ကျနော်တို့ စဉ်းစားမနေပါဘူး။ ဒီနေ့ ပထမပိုင်း ခြေစွမ်းကို ကြည့်ပြီး မနှစ်ကအတိုင်းပဲလို့ ကျနော်တို့ မတွေးပါဘူး။ ပိုကောင်းလာဖို့ အသစ်တွေကို ဖန်တီးရမယ်ပဲ တွေးပါတယ်။
ဒီနေ့မှာ အတော်လေး ညံ့တာကော ဒုတိယပိုင်းမှာ အတော်လေး ကောင်းလာတာကော ကျနော် မြင်ပါတယ်။ ဒီတော့ ကျနော် ပျော်ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။