

ပရီးမီးယားလိဂ် ဂန္တဝင်ဟောင်း အလန်ရှီးယားကတော့ လီဗာပူးက ဝုဗ်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကစားသမား ၂ ဦးရဲ့ အပြုအမှုကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပထမပိုင်းမှာ ၁-၀ ဖြင့် အရေးနိမ့်ခဲ့သလို ဦးဆောင်ဂိုး စတင်ရရှိဖို့ ပွဲချိန် ၈၅ မိနစ်ထိ စောင့်ခဲ့ရတာပါ။ နာကျင် အချိန်ပိုမှာ ဟာဗေးရဲ့ ကန်ချက် ပြိုင်ဘက် ကစားသမားနဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ တတိယဂိုး ရခဲ့တာ ဖြစ်ပါတယ်။
ဦးဆောင်ဂိုး မရသေးချိန်မှာ ခံစစ်သမားတွေဖြစ်တဲ့ ရိုဘိုနဲ့ ကိုနတေးတို့ဟာ ခံစစ်ကြောင်းကို တာဝန်ယူပေးနေပြီး ကျန်တဲ့ အသင်းဖော် အားလုံးကို ရှေ့တက်ကြဖို့ ဆက်တိုက် တွန်းအားပေးခဲ့ကြပါတယ်။
အလန်ရှီးယားကပဲ ” ရိုဘိုနဲ့ ကိုနတေးတို့ကို ကြည့်ဗျာ။ သူတို့ အသင်းဖော်တွေကို ရှေ့တက်ပြီး ထိုးစစ်တာ ဆင်ကြတော့ဆိုပြီး လိုက်လံ တွန်းအားပေးနေကြတာ။ ဒါဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း မတူညီတာက ဒီလို အနေအထားတွေပါ လီဗာပူး လုပ်ပြခဲ့တာ သိပ်ကို ကောင်းလွန်းပါတယ်ဗျာ ” ဆိုပြီး အသိအမှတ် ပြုခဲ့တယ်။
နောက်ထပ် ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းဖြစ်တဲ့ ရှမိုက်ကယ်ကတော့ “ ရော်ဘတ်ဆန်ရဲ့ အဆုံးသတ်က ကောင်းချက်ကြီးပါ။ ဆာလာထံက ရလိုက်တဲ့ ပေးချက်ကလည်း အံ့မခန်းကြီး။
ဆာလာပေးတဲ့ ပေးချက်ကြီးကို ထည့်မပြောနဲ့ဦး အဆုံးသတ်ချက်က ကောင်းလွန်းနေခဲ့တယ်။ သိပ်ကောင်းတဲ့ တွဲဘက်မှု၊ ပေးချက်ကလည်း တကယ့် ကွာလတီ အပြည့် ” ဆိုပြီး ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ရိုဘိုဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့သလို နိုင်ပွဲရဖို့ပါ ဦးဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။