ယူရိုပါလိဂ်ပွဲစဉ် စတင်လာခြင်း၊ လူစာရင်းထဲ ပြန်ပါနိုင်မယ့် ဗန်ဒိုက်၊ ဆာလာကို အနားယူတဲ့ထိ အသင်းမှာ ရှိနေဖို့ တိုက်တွန်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒီကြားရက်မှာတော့ လီဗာပူးအသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်အဖြစ် လက်စ်အသင်းရဲ့ အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်း ပွဲစဉ်မှာ ခံစစ်မှူး ဗန်ဒိုက် ပြန်ပြီး ပွဲထွက်နိုင်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀၀ အတွက် ပါဝင်ပတ်သတ်မှုကို အမြန်ဆုံး လုပ်နိုင်တဲ့ ကစားသမား စာရင်းမှာ ဆာလာက အွန်နရီနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဝုဗ်ပွဲ ပထမပိုင်း ၄၅ မိနစ်မှာ ကစားခဲ့တဲ့ ခြေစွမ်းဟာ လီဗာပူးဂျာစီ ဝတ်ဆင်ပြီးတဲ့နောက် မာကာရဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့ကြောင်း အချက်အလက်တွေက ဆိုပါတယ်။

ဝုဗ်ပွဲအတွင်း ကွမ်းဆက်ကို လူစားလဲမှု မလုပ်ခင် ကလော့ပ် ဒေါသထွက်နေခဲ့တာဟာ ပွဲကို အတင်းပြန်စခိုင်းနေတဲ့ ကွင်းလယ်ဒိုင် အိုလီဗာကို ဖြစ်တယ်လို့ သိရပါတယ်။

ဆာလာကို လီဗာပူးအသင်းမှာပဲ ကစားသမားဘဝ အနားယူတဲ့ အချိန်ထိ ဆက်ရှိစေချင်တယ်လို့ ဟာဗေးက ထုတ်ပြောလာပါတယ်။

ဝုဗ်ပွဲ ဒုတိယပိုင်းမှာ နည်းပြအဖွဲ့က နည်းစနစ်ပိုင်း ပြောင်းကစားဖို့ လမ်းညွှန်ခဲ့သလို နည်းပြကလော့ပ်က အသင်းသားတွေဟာ ပြင်းထန်စွာ ပေါက်ကွဲကစားဖို့ လုံ့ဆော်မှုတွေ ပေးခဲ့တယ်လို့ ဆိုဘိုစလိုင်က ဆိုပါတယ်။

ဒီနွေကမှ လက်စတာကနေ ခေါ်ယူထားတဲ့ ၁၆ နှစ်အရွယ် ကွင်းလယ်လူ နိုင်ယွန်နီဟာ လီဗာပူး ယူ-၁၈ အသင်းအတွက် ၂ ပွဲကစား ၄ ဂိုး သွင်းယူထားပါပြီ။

ဂျပန်သား တိုက်စစ်မှူး မီနာမီနိုက သူ လီဗာပူးကစားသမားဘဝမှာ ပွဲထွက်ခွင့် သိပ်မရပေမယ့် နည်းပြနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ယာဂင်ကလော့ပ်ဟာ ကလပ်ရဲ့ ကစားသမားတိုင်းကို ဆွေးနွေး စကားပြောပြီး လုံ့ဆော်မှုတွေ ပေးပါတယ်လို့ ထုတ်ဖော်လာပါတယ်။

နာပိုလီ တိုက်စစ်သမား ဂါဘရာဟာ လီဗာပူးအသင်း စောင့်ကြည့်နေတဲ့ စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ နာပိုလီကတော့ သူတို့ ကစားသမားကို သန်း ၁၀၀ ဝန်းကျင် စျေးသတ်မှတ်ထားပါတယ်။