ယာဂင်ကလော့ပ်က ကိုယ့်ရဲ့ ကြယ်ပွင့် ကစားသမားကို ဆွဲချနေသလိုပဲ ဆိုတဲ့ ဝေဖန်မှု

ဝုဗ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်တဲ့ပွဲမှာ မက်ကယ်လစ္စတာရဲ့ ခြေစွမ်းကို ကြည့်ပြီး ပရီးမီးယားလိဂ် သုံးသပ်သူကြီး မာတင် ကီယွန်က နည်းပြကလော့ပ်ကို ဝေဖန်မှု ပြုလုပ်လာပါတယ်။

မာကာဟာ ဝုဗ်ပွဲအတွင်းမှာ six role ကနေ ပွဲထွက်ခဲ့ပြီး အတော်လေး အမှားများခဲ့ပါတယ်။ ကီယွန်ကတော့ မာကာရဲ့ အရည်အချင်းကို သံသယမရှိဘဲ အခုလို ရုန်းကန်နေရခြင်းဟာ လီဗာပူးအသင်းမှာ နေရာမှားပြီး ကစားနေရခြင်းရဲ့ အကျိုးဆက်လို့ မြင်ပါတယ်။

မာတင် ကီယွန်က ” မက်ကယ်လစ္စတာ နောက်ထပ် အမှားများခဲ့တဲ့ ပွဲစဉ်ပါပဲ။ ဘရိုက်တန်မှာဆို သူဒီလို အမှားတွေ လုပ်နေတာမျိုးကို မြင်ကြရမှာ မဟုတ်ပါဘူး။ အခြေခံ ကိစ္စလေးတွေမှာတင် မက်ကယ်လစ္စတာက အမှားတွေ လုပ်နေမိတယ်။

ယာဂင်ကလော့ပ်က သူ့ရဲ့ ကစားသမားကို ဆွဲချသလို ဖြစ်နေမှာ ကျနော် စိုးထိတ်မိတယ်။ မက်ကယ်လစ္စတာဟာ တိုက်စစ်နောက်က ကစားရတဲ့ ကွင်းလယ်လူ နေရာမှာ ပိုပြီး သင့်လျော်သူပါ။ လီဗာပူးက ဝုဗ်အသင်း ကျစ်လစ်စွာ ကစားတဲ့ ကွင်းလယ်ကို ပြန်လှန်ဖို့ မနည်း ကြိုးစားနေခဲ့ရတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

ယာဂင်ကလော့ပ်ကတော့ ပွဲပန်းနေတဲ့ မာကာကို ပွဲထွက်မှာ သုံးခဲ့တာက မှားယွင်းခဲ့တယ်လို့ ဝန်ခံထားခဲ့တယ်။ မာကာကို six role နေရာ တာဝန်ယူစေတာက ယာယီဖြစ်ပြီး လူစာရင်း အထိုင်မကျသေးခင်မှာ နည်းစနစ်ကောင်းတဲ့ အာဂျင်တီးနားသားကို အားကိုးနေတဲ့ သဘောပဲဖြစ်ပါတယ်။

မကြာခင်မှာတော့ မာကာဟာ ကွင်းလယ် ထိပ်ကို တက်ကစားခွင့်ရဖွယ်ရှိပြီး ဂရာဗင်ဘက်ချ်က သူ့နေရာကို ဝင်ကာ ခံစစ်ပိုင်း တာဝန်ယူလာဖွယ် ရှိနေပါတယ်။