ကွမ်းဆက်ကို လူစားလဲချိန် ဘာကြောင့် ပေါက်ကွဲနေခဲ့တာလဲ ဘယ်သူ့ကို ဒေါသထွက်နေတာလဲ ကလော့ပ် ပြောပြလာ

ဝုဗ်ပွဲအတွင်း ကွမ်းဆက်ကို လူစားလဲဖို့ လုပ်စဉ်မှာ နည်းပြကလော့ပ် စည်းဘေးမှာ အတော်လေး ဒေါသထွက် ပေါက်ကွဲနေခဲ့တာကို မြင်ခဲ့ရပါတယ်။

ဝုဗ်ရဲ့ တိုက်စစ်ဆင်မှုကို လီဗာပူးက ရှင်းထုတ်ပြီးချိန် ကွင်းလယ်ဒိုင် အိုလီဗာက ဘောလုံး အမြန်ပြန်စတင်ဖို့ ပြိုင်ဘက် ဂိုးသမားထံ ပစ်ပေးခဲ့တာပါ။ အဲ့ချိန်မှာ ခံစစ်မှာ ကွမ်းဆက် ကြွက်တက်နေလို့ လီဗာပူးဘက်က ကိုနတေးနဲ့ လူစားလဲဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒိုင်လူကြီးတွေက ကွမ်းဆက်ကို ထွက်ခွင့်မပေးဘဲ ပွဲကို ပြန်စစေခဲ့ကာ ဝုဗ်ဘက်က ထိုးဖောက်မှု လုပ်နိုင်ခဲ့ပြီး အယ်လီဆန် လက်ဦးလို့တာ အခွင့်အရေးကြီး မဖြစ်ခဲ့တာပါ။ လူစားလဲခွင့်ပေးရမှာကို မျက်ကွယ်ပြုတဲ့ အဆိုပါဖြစ်ရပ် အပေါ် ကလော့ပ်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒိုင်လူကြီးတွေက လီဗာပူးအသင်း အချိန်ဆွဲချင်လို့ ကွမ်းဆက် အမူအယာပိုနေတယ် ယူဆနေဟန်ရှိကြောင်းနဲ့ အဲ့လိုလုပ်ဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ကလော့ပ်က ဆိုခဲ့တယ်။

“ နားလည်မှု လွဲခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ အဲ့တုန်းက ပွဲက ၁-၁ ဖြစ်နေတာပါ။ ဒိုင်လူကြီးက ကျနော်တို့ အချိန်ဆွဲတာမျိုး လုပ်နေတယ် ထင်ပုံရတယ်။ ကျနော်တို့ အဲ့လိုလုပ်စရာ အကြောင်း မရှိပါဘူး။ ကွမ်းဆက် လဲကျသွားလို့ ကျနော်တို့ လူစားလဲဖို့ လုပ်ခဲ့တာပါ။ နည်းနည်း ရှုပ်ထွေးသွားခဲ့ပါတယ် ” လို့ ကလော့ပ်က ရှင်းပြပါတယ်။

ကွမ်းဆက်နဲ့ ကိုနတေးကို လူစားလဲပြီး ၂ မိနစ် အကြာမှာပဲ လီဗာပူးအသင်းက ရော်ဘတ်ဆန်ရဲ့ ပိတ်သွင်းချက်ကြောင့် ဦးဆောင်ဂိုး စတင် ရရှိခဲ့ကာ အချိန်ပိုမှာတော့ ဟာဗေးရဲ့ ပိတ်ချက် ဝုဗ်ခံစစ်သမားနဲ့ထိပြီး တတိယဂိုး ထပ်ရသွားခဲ့ပါတယ်။