ဝေဖန်သုံးသပ်သူနဲ့ နည်းပြကြား ဘာကွာခြားသလဲ ဖော်ပြနေတဲ့ ဂယ်ရီနဗီးရဲ့ လီဗာပူး ကွင်းလယ် သုံးသပ်ချက်

ဒီရာသီစ The Overlap အစီအစဉ်မှာ ဂယ်ရီနဗီးက ယာဂင်ကလော့ပ်ရဲ့ လီဗာပူး ကွင်းလယ် ပြန်လည် တည်ဆောက်နေမှုကို သိပ်အထင်မကြီးသလို မန်ယူနိုက်တက် ကွင်းလယ်က လက်ရှိ လီဗာပူး ကွင်းလယ်ထက် ပိုသာတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

နဗီးကတော့ ကလော့ပ်က တစ်ရာဖိုး ၃ ယောက်တန် ပေါင် သန်း ၃၀-၄၀ တန်တွေကို ခေါ်ယူတာမျိုးထက် ပေါင် သန်း ၁၀၀ တန် ကစားသမားမျိုးတွေကို ချက်ခြင်း အစားထိုးသင့်တာလို့ အခုလို ထောက်ပြခဲ့တယ်။

နဗီးက “ အနည်းငယ် စိတ်ပူစရာက လီဗာပူးအသင်းက ပေါင် သန်း ၃၀-၄၀ တန် ကစားသမားတွေကို လက်မှတ်ထိုးနေတာပါပဲ။ သူတို့ အဲ့လို ကစားသမားတွေကို ထိပ်တန်း အဆင့် ရောက်လာအောင် လုပ်ပေးထားနိုင်တာ ရှိပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ယှဉ်ကြည်လိုက်လေ။

ယူနိုက်တက်ကိုပဲ ဥပမာပြောမယ်ဗျာ။ ဖာနန်ဒက်စ်၊ မေဆန်မောင့်၊ ကာဆီမီရို၊ အဲရစ်ဆန်တို့ ရှိနေတယ်။ ယာဂင်ကလော့ပ်ကို ယူနိုက်တက် ကွင်းလယ်လူတွေနဲ့ သူ့ကွင်းလယ်လူတွေ လဲမလား ဆိုရင် သူလဲမှာပဲ။ အာဆင်နယ်က ရိုက်စ်၊ ပါတေး၊ အိုဒီဂတ်တို့နဲ့ လဲခွင့်ရရင်လည်း သူလဲမှာပဲ။

ကလော့ပ်က သူ့ရဲ့ ကွင်းလယ်လူတွေကို လုပ်နိုင်တာထက် ပိုစွမ်းဆောင်နိုင်အောင် နည်းပြထားနိုင်တယ်။ သူက ပေါင် သန်း ၃၀-၄၀ တန် ကစားသမားတွေကို ခေါ်ယူပြီး ကမ္ဘာ့အဆင့်တွေ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့ဖူးတယ်။

သူရထားတာတွေက ကစားသမားကောင်းတွေဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ဒီလီဗာပူးအသင်းက အရင် ၄ နှစ် ၅ နှစ်က လီဗာပူးအသင်းမျိုး မဟုတ်တော့ပါဘူး။ ကလော့ပ်က ထိပ်တန်း ကစားသမားတွေကို အခုချက်ခြင်း လိုအပ်တာပါ။ ကံမကောင်းစွာပဲ သူဒါကို ဖြေရှင်းဖို့ လိုနေပါပြီ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဂယ်ရီနဗီးဟာ ဘောလုံး သုံးသပ်သူအဖြစ် ဘာလုပ်သင့်တယ်ဆိုတာ ထောက်ပြတာက မမှားပေမယ့် ထင်မြင်ချက်တွေ ပေးဖို့ သူတို့မှာ ဖိအား မရှိပါဘူး။ နည်းပြတွေကတော့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကို ရင်းပြီး အကောင်းဆုံးဖြစ်မယ်လို့ ယူဆတဲ့ နည်းလမ်းတွေကို ဖိအားတွေအောက်က ရှာဖွေနေရတာဖြစ်ပါတယ်။

နဗီး ပိုကောင်းတယ်ပြောတဲ့ ယူနိုက်တက် ကွင်းလယ်လူတွေ စွမ်းဆောင်ရည် မကောင်းဖြစ်နေချိန် သူ တစ်ရာဖိုး ၃ ယောက်တွေလို့ မြင်ထားသူတွေနဲ့အတူ ကလော့ပ်က နိုင်ပွဲတွေ ယူပြနေတာပဲဖြစ်ပါတယ်။