![17532092023](https://lfcthadin.com/wp-content/uploads/2023/09/17532092023-678x381.jpg)
![](https://lfcthadin.com/wp-content/uploads/2024/08/lfc-ad-banner.jpg)
လီဗာပူးအသင်းဟာ ဒီနွေမှာ စီနီယာ အသင်းသား ၆ ဦးကို လက်လွတ်ခဲ့ပြီး လူသစ် ၄ ဦးဖြင့် အစားထိုးခဲ့ပေမယ့် အင်အားနည်းပါးမသွားဘဲ ပိုမိုတောင့်တင်းတဲ့ အခြေအနေကို တိုးတက် ရောက်ရှိလာခဲ့ပါတယ်။
ယာဂင်ကလော့ပ်ဟာ ဒီနွေမှာ စျေးအကြီးဆုံး လက်မှတ်ထိုးမှုအဖြစ် လိုက်ဇစ်အသင်းမှ အသက် ၂၂ နှစ်အရွယ် ဆိုဘိုစလိုင်ကို ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူခဲ့တာပါ။ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ လူငယ် ကွင်းလယ်တွေထဲ သူလောက် မြန်မြန် ဩဇာကြီးမားလာတာ ဇာဗီအလွန်ဆိုပဲ ရှိဖူးပါတယ်။
မနှစ်ကရာသီမှာ ဒီယက်စ်၊ ဒါဝင်၊ ဂက်ပိုတို့ဖြင့် တိုက်စစ်ကို အင်အားဖြည့်ခဲ့စဉ် ကလော့ပ်က ‘အပြောင်းအလဲကာလ’ လို့ သုံးနှုန်းခဲ့ပါတယ်။ ဒီနွေမှာတော့ ‘လီဗာပူး ပြန်လည်အားဖြည့်ခြင်း’ လို့ ညွှန်းဆိုကာ ကွင်းလယ်လူသစ် ၄ ဦး ခေါ်ယူပြီး ဒုတိယ အဆင့် သွေးသစ်လောင်ခြင်း ဖြစ်လာခဲ့ပါတယ်။
တူညီတဲ့ နေရာမှာ တူညီတဲ့ အုပ်ချပ်တွေဖြင့် အသုံးပြုပြီး ပြန်လည် တည်ဆောက်ခြင်းမျိုး လုပ်ဖို့ နည်းပြကလော့ပ်က စိတ်မဝင်စားပါဘူး။ ကလော့ပ်က လီဗာပူးအသင်းမှာ သူမပိုင်ဆိုင်ဖူးတဲ့ သီခြား လူစာရင်း တစ်ခု၊ နည်းစနစ်ပိုင်း တစ်ခုဖြင့် ပြန်လည် တည်ဆောက်မှုကို စတင်လာခဲ့တာ ဖြစ်ပါတယ်။
“ အပြောင်းအလဲ အနည်းငယ်ကို ကျနော်တို့ လုပ်ခဲ့တယ်၊ လူသစ်တွေ ခေါ်ယူလာခဲ့တယ်။ ကျနော်ကတော့ ဒီနှစ်က ကိုယ့်ရဲ့ လီဗာပူးနည်းပြဘဝ ၈ နှစ်မြောက် မဟုတ်ဘဲ အသင်းသစ်နဲ့အတူ ပထမဆုံး ကိုယ်တွယ်ရသလို သဘောထားမျိုးနဲ့ ကိစ္စတိုင်းကို ချဉ်းကပ်ပါတယ်။
ကျနော်တို့ အပြောင်းအလဲတွေ အများကြီး လုပ်ထားခဲ့တယ်၊ လူသစ်တွေ ခေါ်ယူထားတယ်။ ကျနော်တို့ အသင်းသစ်ပဲ ဖြစ်ချင်တယ်၊ ပုံစံတူ အသင်း တစ်သင်းကို ပြန်အစားထိုးတာမျိုး မလုပ်ချင်ဘူး။ ဒီနှစ်အသင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က အသင်းကောင်းတွေ လွှမ်းမိုးခြင်း မခံရတဲ့ အသင်းသစ်ပါ ” လို့ ကလော့ပ်က ပြောပြခဲ့ပါတယ်။
မနှစ်ကရာသီ လီဗာပူးကျရှုံးချိန် ကလော့ပ်ရဲ့ ၇ ရာသီ ကျိန်စာကို အင်္ဂလန်နဲ့ ဂျာမနီက သတင်းဌာနတိုင်း ဖွခဲ့ကြတယ်။ ဇာတ်လမ်းသစ်တွေကို မျှော်နေတဲ့ အင်္ဂလန် ဘောလုံးအသိုင်းအဝိုင်းက လီဗာပူးနဲ့ ကလော့ပ်တို့ ပြီးသွားပြီ ပြန်ခေါင်းမထောင်နိုင်တော့ဘူးလို့ ဖယ်ထုတ်ခဲ့ကြတယ်။
ဒဏ်ရာ ပြဿနာ၊ လူသစ်တွေ အထိုင်မကျခြင်းတွေကြောင့် မီလ်နာ၊ ဟန်ဒါဆန်တို့ကို နေရာပေးချိန် လူတိုင်းက ကလော့ပ်ဟာ သူ့ရဲ့ ကစားသမားတွေကို သံဃောဇဉ် ကြီးလွန်းတယ်လို့ ဝေဖန်ခဲ့ကြတယ်။ ဒီဝေဖန်ချက်ဟာ ကလော့ပ်ရဲ့ မာန၊ လီဗာပူးကို အောင်မြင်စေလိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒတွေအပေါ် သက်ရောက်မှု ရှိခဲ့ဟန် တူပါတယ်။
အခုဆို ကလော့ပ်က သူလုပ်ချင်တာတွေကို လုပ်နေပြီး စနစ်သစ် ပြောင်းကစားတယ်၊ ထွက်ချင်တဲ့ ကစားသမားတိုင်းအတွက် လမ်းဖွင့်ပေးခဲ့တယ်။ အသင်းရဲ့ ဘယ်ကစားသမားမှ ပွဲထွက်ခွင့် အာမခံချက် မရတော့ပါဘူး။
နည်းပြကလော့ပ်ဟာ ဒီနွေ ရှင်းထုတ်မှုတွေမှာ အတော်လေး ပြတ်သားခဲ့ပါတယ်။ သူဟာ အညှာအတာကင်းပြီး ရက်စက်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဖာဘင်ညိုကို မတားဆီးခဲ့ဘူး၊ နည်းနည်းလေး တားခဲ့ရင်ကို ဆက်နေမယ့် ဟန်ဒါဆန်ကိုလည်း ကလော့ပ်က သံဃောဇဉ် ဖြတ်ခဲ့တယ်။ ကာဗာရိုကိုလည်း ဆန္ဒအတိုင်း အငှားထွက်ခွင့် ပေးခဲ့တယ်။
မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်ကို ရအပြီးမှာ နည်းပြအဖွဲ့က ဝါရင့် ကွင်းလယ်လူနဲ့ လူငယ် ကွင်းလယ်လူ လူသစ် နှစ်ဦး ထပ်ခေါ်ယူပေးဖို့ ကလပ်ကို တောင်းဆိုခဲ့တယ်။ ဒီကြားထဲ ကိုင်ဆီဒို၊ လာဗီယာတို့လို အရှက်ရစရာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် လိုချင်တဲ့ လူသစ်တွေရရေး ဂျူလီယန်ဝတ်ကိုပါ ပြန်ခေါ်ပြီး အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်ကို လက်မှတ်ထိုးနိုင်ရေး ကူညီစေခဲ့တယ်။
ကလော့ပ်ရဲ့ ပြတ်သားမှုကို ရာသီအဖွင့်ပွဲဖြစ်တဲ့ ချယ်ဆီးပွဲမှာတင် မြင်ခဲ့ရပြီး ဆာလာ နေရာ ဗန်ဒုတ်ကို အစားထိုးခဲ့တယ်။ အီဂျစ်သားရဲ့ ပေါက်ကွဲမှုကို တုန်လှုပ်ခြင်းမရှိ ရင်ဆိုင်ခဲ့တယ်။ ကလပ်သမိုင်းမှာ စျေးအကြီးဆုံး တိုက်စစ်သမားကို ပွဲထွက်ကနေ ဖယ်ထုတ်ထားပြီး တည်ငြိမ်တဲ့ ရလဒ်အတွက်ပဲ ဦးစားပေးခဲ့တယ်။
ဝုဗ်ပွဲမှာ မက်ကယ်လစ္စတာကို ပွဲထွက်က သုံးခဲ့ပေမယ့် အဆင်မပြေဘူး ယူဆချိန် ဒုတိယပိုင်းအစမှာတင် ဒီယက်စ်ဖြင့် လူစားလဲခဲ့ပါတယ်။ ဒါဟာ ၂၀၁၇ တုန်းက လိုဗရန်ကို ပွဲအစ ၃၁ မိနစ်မှာတင် လူစားလဲပြီးနောက်ပိုင်း ကစားသမား တစ်ဦးကို အခွင့်အရေး အနည်းဆုံး ပေးတာမျိုးပါ။
ကလော့ပ်ရဲ့ လူစားလဲမှုတွေဟာ လီဗာပူးအသင်း ရလဒ်ကောင်းအတွက် တိုက်ရိုက် သက်ရောက်မှု ရှိလာတာကို မြင်နေရပါတယ်။
ကလော့ပ်ကတော့ “ ကျနော်တို့ Liverpool 2.0 ကို တည်ဆောက်နေပါတယ်။ အချိန် ဘယ်လောက်ယူရမယ် ဆိုတာတွေကို မကြည့်ဘဲ ကျနော်တို့ နောက်ထပ် တစ်ကြိမ် ပြန်ပြီး တိုက်ခိုက်လိုတယ်၊ ကျနော်က လီဗာပူး သစ္စာခံတစ်ယောက်ပါ၊ ကျနော် နှလုံးသားကို လီဗာပူးအသင်းထံ အပ်နှင်းထားတာပါ ” လို့ ဆိုလာခဲ့တယ်။
ရာသီကုန်မှာ လီဗာပူးအသင်း ဘယ်အဆင့်မှာ ရှိမနေမလဲ မှန်းဆဖို့ရာ အခုက အရမ်း စောလွန်းနေပါတယ်။ သို့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အညှာအတာကင်းစွာ ကိုင်တွယ်မှုတွေက လီဗာပူးအသင်းကို တဖန်ပြန် နိုးကြားလာစေပြီး ရလဒ်ကောင်းတွေရဖို့ သက်ရောက်မှု ရှိလာစေပြီ ဖြစ်ပါတယ်။