ပါတနာသစ် ထပ်ရခြင်း၊ တလတာ အကောင်းဆုံးဆုရတဲ့ ဆိုဘို၊ သက်တမ်းတိုးတဲ့ ဗန်ဒုတ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အသက် ၁၇ နှစ်အရွယ် တောင်ပံတိုက်စစ်သမားလေး ဗန်ဒုတ်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။

ဩဂုတ်လအတွက် လီဗာပူးပရိသတ်တွေ ရွေးချယ်တဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆိုဘိုစလိုင်က ရရှိသွားပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းရဲ့ ချိတ်ဆက်မှုကို ရခဲ့တဲ့ ယာဂင်ကလော့ပ်က လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ သစ္စာတရားကို မေးခွန်းထုတ်ဖို့ မလိုကြောင်းနဲ့ သူ့နှလုံးသားက လီဗာပူးမှာပဲ ရှိနေတာပါလို့ ထုတ်ပြောခဲ့ပါတယ်။

မက်ကယ်လစ္စတာကတော့ အဝတ်လဲခန်းက လူတွေက သူ့ကို ကလော့ပ်ရဲ့ မွေးစားသားလို့ ပြောရတဲ့ထိ သူနဲ့ နည်းပြကြား ဆက်ဆံရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဒီအပတ် အန်ဖီးမှာ လီဗာပူးကို အနိုင်ယူပြမယ်လို့ ဝက်စ်ဟမ်း တိုက်စစ်သမား အန်တိုနီယိုက ကြွေးကြော်လိုက်ပါတယ်။

ကာတစ်ဂျုံးဟာ စတာလင်၊ ထရန့်တို့နောက်ပိုင်း အကယ်ဒမီထွက် ကြယ်ပွင့်တွေထဲမှာ လီဗာပူးအတွက် ပွဲ ၁၀၀ ကစားပေးနိုင်တဲ့ တတိယမြောက် ကြယ်ပွင့် ဖြစ်လာပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းရဲ့ ပေါ်ပြူလာအဖြစ်ဆုံး ဂျာစီက ဆာလာ မဟုတ်တော့ဘဲ ဆိုဘိုစလိုင်းရဲ့ ကျောနံပါတ် ၈ ဖြစ်လာနေပါတယ်။

အန်ဖီးကွင်း တိုးချဲ့မှု ပြန်လည်စတင်နေခဲ့ကာ အောက်တိုဘာလ ၂၁ ရက်နေ့ အဲဗာတန်နဲ့ ဒါဘီပွဲမှာ ပရိသတ် ၆၁၀၀၀ ဝင်ဆံ့နိုင်အောင် အသင်းဘက်က ရည်မှန်းနေဆဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနှစ်ထဲမှာတင် တတိယမြောက် အမေရိကန် လုပ်ငန်းစုဖြစ်တဲ့ UPS နဲ့ လက်တွဲခဲ့ပြီဖြစ်ကာ နှစ်ရှည်စာချုပ်လို့ သိရပါတယ်။ အသင်းဟာ မကြာသေးခင်ကပဲ Google, Peleton တို့လို အမေရိကန် အဖွဲ့တွေဖြင့် ပါတနာ စာချုပ်တွေရထားကာ ဒီ ၃ ခုပေါင်းဟာ ပေါင် ၃၅ သန်း ဝန်းကျင် တန်ကြေးရှိပါတယ်။