အားလုံးကို ပြန်တိုက်ခိုက်ဖို့ Liverpool 2.0 တည်ဆောက်နေချိန် အန်ဖီးကို မစွန့်ခွာဘူးလို့ ယာဂင် ကတိပေး

ဂျာမာန်သတင်းဌာန RTL နဲ့ တွေ့ဆုံမှုမှာ ယာဂင်ကလော့ပ်က ဂျာမနီ လက်ရွေးစင် အသင်းကို နည်းပြဖို့ ငြင်းဆန်ပြီး လီဗာပူးအသင်းမှာ ဘာကြောင့် ဆက်နေသလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေ အောင်မြင်ခဲ့သလို လက်ရှိမှာ အသင်းသစ် တစ်ခုကို စတင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့ ပရော်ဂျက်တွေအပေါ် ယုံကြည်မှု ရှိထားပါတယ်။

“ ကျနော်တို့ Liverpool 2.0 ကို တည်ဆောက်နေပါတယ်။ အချိန် ဘယ်လောက်ယူရမယ် ဆိုတာတွေကို မကြည့်ဘဲ ကျနော်တို့ နောက်ထပ် တစ်ကြိမ် ပြန်ပြီး တိုက်ခိုက်လိုတယ်၊ ကျနော်က လီဗာပူး သစ္စာခံတစ်ယောက်ပါ၊ ကျနော် နှလုံးသားကို လီဗာပူးအသင်းထံ အပ်နှင်းထားတာပါ ” လို့ ကလော့ပ်က ပြောပါတယ်။

သူ့နည်းပြဘဝ ဘယ်ကလပ်မှာမှ ၇ နှစ်ထက်ပိုပြီး မကိုင်တွယ်ခဲ့ပေမယ့်လို့ လီဗာပူးမှာ ရှိနေတာ ၈ နှစ်ရှိနေပြီဖြစ်တဲ့ ယာဂင်ကလော့ပ်ဟာ ၂၀၂၆ ခုနှစ် နွေထိ စာချုပ်ရှိထားသူပါ။ အနာဂတ်မှာ ဘာဖြစ်လာမယ် မသိပေမယ့်လို့ ကလော့ပ်ကတော့ သူ့ရဲ့ စာချုပ်အပေါ် လေးစားမှု ရှိပါတယ်။

ကလော့ပ်ကပဲ “ လီဗာပူးကနေ ထွက်ချင်သလို ထွက်သွားလို့ မရပါဘူး၊ ကျနော်က ဒီမှာ စာချုပ်ရှိနေတာပါ။ မှတ်မိသလောက်တော့ ဘယ်သူမှလည်း ဆေးခတ်ပြီး အသင်းထိုးခိုင်းခဲ့တာ မဟုတ်ဘဲ ကျနော် ကိုယ်တိုင်က ဒီမှာ ဆက်ရှိနေဖို့ လိုလိုလားလား လက်ခံခဲ့တာပါ ” လို့ ဆိုခဲ့တယ်။

ဂျာမာန် လက်ရွေးစင် နည်းပြအဖြစ် ဂျူလီယန် နာဂယ်စမန်းကို တာဝန်ပေးခြင်းဟာ သင့်လျော်တဲ့ ဖြေရှင်းမှုပါလို့လည်း ယာဂင်ကလော့ပ်က ထောက်ခံသွားခဲ့ပါတယ်။