

လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကလပ်ရဲ့ လူကြိုက် အများဆုံး ဂျာစီ နံပါတ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ဒီနွေမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ၂ ဦးလည်း ပါဝင်လာခဲ့ပါတယ်။
ရာသီကြိုမှာတည်းက ပရိသတ်ကြိုက် ကစားသမားတွေ ဖြစ်လာခဲ့တဲ့ မက်ကယ်လစ္စတာနဲ့ ဆိုဘိုစလိုင်တို့ဟာ ကွင်းလယ်တန်း အသစ်မှာ ခပ်မြန်မြန်ပဲ အသားကျလာနေတယ်။ သူတို့နှစ်ဦးရဲ့ မတူညီတဲ့ ကစားဟန်ကြောင့်လည်း ကိုယ်စီ ပရိသတ်တွေ ရနေကြပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ မက်ကယ်လစ္စတာက ကလပ်ရဲ့ တတိယမြောက် လူကြိုက် အများဆုံး ဂျာစီ ပိုင်ရှင် ဖြစ်လာပြီး ဆိုဘိုစလိုင်ကတော့ ဆာလာကိုတောင် ကျော်ဖြတ်ကာ ပရိသတ်တွေ ရွေးချယ်မှု အများဆုံး ဂျာစီပိုင်ရှင် ဖြစ်လာနေပါတယ်။
မက်ကယ်လစ္စတာက သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေပဲ ” အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ” ဆိုတဲ့ စာသားကို လီဗာပူးအသင်းရဲ့ တတိယ ဂျာစီ ရောင်းအကောင်းဆုံး နံပါတ် ပိုင်ရှင်ဆိုတဲ့ ပုံနဲ့ ပူးတွဲပြီး ဖော်ပြခဲ့တယ်။
သူကပဲ ” ငါတို့ မင်းကို အမှီလိုက်မှာနော် ဆိုဘိုစလိုင် ” လို့ အသင်းဖော်ကို စနောက်ခဲ့ပြီး ဆိုဘိုကလည်း ” ဘယ်တော့မှမရဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။
လိုက်ဇစ်ကနေ ပေါင် သန်း ၆၀ အကုန်အကျခံ ခေါ်ယူခဲ့တဲ့ ဆိုဘိုစလိုင်ဟာ လီဗာပူးမှာ ကျောနံပါတ် ၈ ကို ဝတ်ဆင်ခွင့်ရနေတာပါ။ သူဟာ ယာဂင်ကလော့ပ် လက်ထက် အကောင်းဆုံး ခေါ်ယူမှုထဲ ပါဝင်မယ့်သူလို့ မှတ်ချက်တွေရနေပြီး လီဗာပူးအဝတ်လဲခန်းမှာပါ မြန်မြန်ဆန်ဆန်ပဲ ဩဇာကြီးမားလာနေသူ ဖြစ်ပါတယ်။
ကလော့ပ်က ‘Liverpool 2.0’ လို့ တင်စားထားတဲ့ ပြန်လည် တည်ဆောက်မှုမှာ သူတို့နှစ်ဦးက ထောက်တိုက်တွေဖြစ်လာဖို့ ရှိနေပါတယ်။