လူရှာခဲ့တဲ့ ယာဂင်၊ ကွင်းလယ်မှာ စိတ်ကျေနပ်ဖို့ ကောင်းခဲ့တဲ့ ဂရာဗင်ဘက်ချ်၊ သွင်းဂိုး ဆာလောင်ဆဲ ဆာလာနဲ့ လက်စ်ပွဲအပြီး စကားပြောစရာများ

လူစာရင်း စုဖွဲ့မှု

နည်းပြကလော့ပ်က ပရိသတ်တွေ ကြိုက်ကြသည်ဖြစ်စေ မကြိုက်ကြဘူးဖြစ်စေ ထုတ်စရာရှိတဲ့ လူစာရင်းကို ထုတ်မယ်လို့ ပွဲကြိုမှာ ပြောခဲ့တယ်။ တကယ်တမ်းမှာလည်း ပွဲထွက် ၁၁ ဦးလုံးကို ပြောင်းလဲပြီး အတွဲသစ်ကို ဒီပွဲမှာ ထုတ်လာခဲ့ပါတယ်။

အတွဲသစ်ဆိုပေမယ့် ဗန်ဒိုက်၊ ကိုနတေးလို ခံစစ်အတွဲ။ အန်ဒို၊ ဂရာဗင်ဘက်ချ်၊ ဟာဗေး ကွင်းလယ်နဲ့ ဒီယက်ဇ်၊ ဒါဝင်တို့ တိုက်စစ်ဖြစ်တာမို့ အဓိက ကစားသမားတွေ ထုတ်သုံးခဲ့တာပါ။ ပွဲထွက် ၁၁ ဦးလုံးဟာ ပွဲကစားခွင့် လိုအပ်နေကြသူတွေဖြစ်ပြီး ကွင်းလယ်ဟာ တွဲကစားတာ နည်းပါးခြင်းနဲ့အတူ နားလည်မှုပိုင်း လိုအပ်ခဲ့ပါတယ်။

ပထမပိုင်းမှာ တိုက်စစ်က မယ်မယ်ရရ လုပ်ပြနိုင်ခဲ့ခြင်း မရှိဘဲ အပိုင် အခွင့်အရေးတွေမှာ ဒါဝင်ရဲ့ ဆုံးဖြတ်ချက်တွေက လိုအပ်ချက် ရှိပါတယ်။ ဒါပေမယ့် ဒီလူစာရင်းကပဲ ခြေပဂိုး ပြန်ရယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆိုဘိုနဲ့ မာကာတို့ လူစားဝင်လာချိန် အသင်းကစားပုံက အတော်လေး ဟန်ချက်ညီသွားပါတယ်။

ဒီရာသီမှာ လီဗာပူးဟာ ပွဲတိုင်းနီးပါး နောက်ကနေ လိုက်ကစားနေရတာဖြစ်ပြီး အရန်ခုံက မှန်ကန်တဲ့ ကစားသမားတွေကို ရွေးထုတ်နိုင်ခြင်းက နိုင်ပွဲတွေ ရနေစေတာပါ။ ဒီပွဲကတော့ ကလော့ပ် လူရှာတဲ့ပွဲဖြစ်ပြီး အသင်းသားတွေရဲ့ ယုံကြည်မှုပိုင်းကို တည်ဆောက်ပေးတာလို့ မြင်နိုင်ပါတယ်။

ကွင်းလယ်တန်းက ကြယ်ပွင့်

အန်ဒိုက ဘောလုံးရှိချိန်ကော မရှိချိန်ပါ ပြေးလွှားနိုင်စွမ်းကော အသင်း တိုက်စစ်လိုက်နိုင်ရေး တွန်းအားပေးဖို့ ရုန်းကန်ခဲ့ရတယ်။ ကွင်းလယ်ခံစစ်ကို အားပြုရတဲ့ သူ့နေရာဟာ တောက်ပတာမျိုး မြင်ရဖို့က ခက်ခဲပါတယ်။ ဒီပွဲမှာတော့ သူ နည်းနည်း ရုန်းကန်ခဲ့ရတယ်။

ဟာဗေးက ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး စည်းစနစ်ကျစွာ ကစားနိုင်မှုပိုင်း ရုန်းကန်ခဲ့ရပါတယ်။ အရန်လူစာရင်းကနေ ပါဝင်ရတိုင်း ခြေစွမ်းပြနိုင်တဲ့ သူဟာ အကောင်းဆုံး ရစ်သမ်ကို ရနေခြင်းတော့ မရှိပါဘူး။ ခြေစွမ်းဆိုးတာမျိုး မဟုတ်ပေမယ့် ညာခြမ်းမှာ ဆိုဘိုကို ကျော်နိုင်ဖို့တော့ တကယ်ကို မလွယ်တာပါ။

ဒီပွဲမှာ အကုန်လုံးက ဂရာဗင်ဘက်ချ်ရဲ့ အလားအလာကို မြင်လိုတာပါ။ သတင်းကောင်းကတော့ သူ့ရဲ့ ခြေစွမ်းက အောင်မှတ်ကို အများကြီး ကျော်ပါလိမ့်မယ်။ သူ တိုက်စစ်ကို လိုက်ပါသွားချိန်မှာ ထိရောက်မှုရှိတာကို မြင်ခဲ့ရတယ်၊ အန်ဒို ပါဝင်နေတာမို့ သူက ခံစစ်ပိုင်းမှာတော့ ကစားရ သက်သာခဲ့ပါတယ်။

ဂိုးမုဆိုး ဆာလာ

ဒီပွဲမှာ ဆာလာကို ပွဲထွက်လူစာရင်းက မထည့်တာကို နားလည်လို့ ရပါတယ်။ တကယ်ဆိုရင် ဂရာဗင်ဘက်ချ် မနာခဲ့ရင် ဆာလာကို လူစားဝင်တောင် ထည့်ဖွယ် မရှိပါဘူး။ ယူရိုပါလိဂ်လို အဆင့်အတွက် ဆာလာက ကောင်းလွန်းနေခဲ့ပါတယ်။

ဆာလာ လူစားမဝင်ခင်မှာ ကွင်းလယ်က ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို တွဲလုံးဖြစ်ပြီး တိုက်စစ်မှာ ဟာဗေးက ညာတောင်ပံနေရာ ဝင်ကစားနေလို့ အတော်လေး ရင်ခုန်ခဲ့တာပါ။ ဒါပေမယ့် ဂရာဗင်ဘက်ချ် ထွက်သွားရတော့ မာကာက နံပါတ် ၆ နေရာ ပြန်ဆင်းရပြီး ဟာဗေးက ကွင်းလယ်ကို ပြန်ရောက်သွားပါတယ်။

ဆာလာကတော့ ကောင်းဆဲပါပဲ။ ဆိုဘိုတို့ ဝင်လာချိန်တည်းက ပြိုဆင်းလုဖြစ်နေတဲ့ လက်စ်အသင်းဟာ ဆာလာပါ ဝင်လာချိန် လုံးဝကို ပြိုကျသွားပါတယ်။

စတင်လာတော့မယ့် ၃ ရက် တစ်ပွဲ

ဒီအပတ် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲ ရှိပါမယ်။ လီဗာပူးအသင်းဟာ ပွဲဆက် ကာလတစ်ခုကို စတင် ကျော်ဖြတ်ရတော့မှာဖြစ်ပြီး ဒါကြောင့်ပဲ ကလော့ပ်က ကစားသမားတွေကို ပွဲကစားခွင့်တွေ ဆက်တိုက် ရှာပေးနေတာပါ။

ဘောလုံးရာသီ တစ်ခု အောင်မြင်ရေးမှာ ကြံ့ခိုင်မှုဟာ ပင်မ သွေးကြောဖြစ်ပါတယ်၊ ကြံ့ခို်င်နေတဲ့ လူစာရင်းဟာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ယုံကြည်မှုကောင်းတွေကို ပေးပါတယ်။ ခြေစွမ်းတည်ငြိမ်မှု ရှိခြင်းက စွမ်းဆောင်ရည်အပေါ် ကြီးကြီးမားမား သက်ရောက်ပါတယ်။

ဝက်စ်ဟမ်းဘက်ကလည်း လီဗာပူးကို အနိုင်ယူပြမယ် ကြွေးကြော်နေတာမို့ ပွဲကောင်း ဖြစ်လာဖို့ ရှိပါတယ်။