လီဗာပူး အမာခံပရိသတ်ဖြစ်ပြီး လီဗာပူး ဂန္တဝင်ကြီးက သူ့အပေါ် လွှမ်းမိုးမှု ရှိကြောင်း ဖွင့်ဟလာတဲ့ နည်းပြ ပိုစတီကိုဂလူး

စပါးအသင်းရဲ့ လက်ရှိနည်းပြ ပိုစတီကိုဂလူးက သူရဲ့ နည်းပြဘဝ အကြောင်းကို ဘီဘီစီကနေ Gary Lineker နဲ့ စကားပြောရာမှာ လီဗာပူးအပေါ် သူ့ရဲ့ ချစ်ခင်မှုကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကလပ်ကို တာဝန်ယူနေပေမယ့်လို့ ဂရိဖွား ဩစတြေးလျသားက လီဗာပူးအပေါ်ထားတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို မကွယ်ဝှက်ဘဲ ထုတ်ပြောခဲ့တာပါ။

၇၀ ခုနှစ်တွေက ဘီရှန်ကလေနဲ့ လီဗာပူးအသင်းဟာ ပိုစတီကိုဂလူး အပေါ် လွှမ်းမိုးမှု ကြီးမားခဲ့သလို သူ့ရဲ့ ဘောလုံးသမားဘဝ၊ နည်းပြဘဝကို လေ့လာမယ်ဆိုရင် အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာကို မြင်ရပါလိမ့်မယ်။

သူ့ဘဝရဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုအဖြစ် ပိုစတီကိုဂလူးက ပြောပြရာမှာ ” ကျနော်က အမြဲတမ်း မန်နေဂျာတစ်ဦး ဖြစ်ချင်ခဲ့တာ။ ဘောလုံးပွဲတွေကို ကျနော် နှစ်သက်ပါတယ်။ ကစားရတာတင် မဟုတ်ဘဲ နည်းပြလုပ်ရတာကိုလည်း နှစ်သက်တယ်။

ကျနော်က လီဗာပူးအမာခံ ပရိသတ်တစ်ဦးပါ။ ဘီရှန်ကလေကို ကျနော် နှစ်သက်တယ်၊ သူရဲ့ boot room ဇာတ်လမ်းကိုလည်း ကျနော် မြတ်နိုးပါတယ်။ ကျနော်က ကစားသမားတွေနဲ့ အခန်းထဲမှာ ထိုင်စကားပြောရတာကို နှစ်သက်ပြီး လူမှုကွန်ယက်ကို မကြိုက်ပါဘူး

ကျနော်အပေါ် အဖေ့ရဲ့ ဘောလုံးအယူအဆတွေ လွှမ်းမိုးမှုရှိပြီး ၁၉၇၄ ခုနှစ် ဟော်လန်အသင်းကို နှစ်သက်ပါတယ်။ ၇၀ ခုနှစ်တွေတုန်းက လီဗာပူးကလည်း ဘောလုံးပိုင်ဆိုင်မှု အသားပေးကို ကစားခဲ့သေးတာလေ။ အဖေက ကျနော်ကို လမ်းပြပေးခဲ့တယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးနဲ့ ပတ်သက်ပြီး ပိုစတီကိုဂလူးဟာ သူအရမ်းကြီး နာမည်မကြီးခင်တည်းက ဝန်ခံစကား ပြောခဲ့ဖူးပါတယ်။ ၂၀၁၃ တုန်းက Melbourne Victory အသင်းနဲ့ လီဗာပူးတို့ရဲ့ ချစ်ကြည်ရေးပွဲ မတိုင်ခင်မှာ ဩစတြေးလျသားက သူ လီဗာပူးကို ဘယ်လောက်ထိ နှစ်သက်လဲ ပြောပြခဲ့ဖူးပါတယ်။

“ ကျနော်က လီဗာပူးကို အားပေးရင်း အရွယ်ရောက်လာခဲ့ရတယ်။ ဒီနေ့လို မန်နေဂျာဖြစ်လာရတာက လီဗာပူးကြောင့်လည်း ပါပါတယ်။ ဘီရှန်ကလေ၊ ဘော့ပီယာစလေ၊ ရိုနီမော်ဂန်၊ ဂျိုဖာဂန်၊ ရိုင်အီဗန်တို့လို လီဗာပူး အကျော်အမော်တွေရဲ့ ဇာတ်လမ်းတွေနဲ့အတူ ကြီးပြင်းခဲ့ရတာပါ။

သူတို့ရဲ့ ဘောလုံးအတွေးအခေါ်တွေက ကျနော်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ပုံစံ ခေတ်မစားစဉ်တည်းက သူတို့တွေ ကစားခဲ့တာပါ ” လို့ ပိုစတီကိုဂလူးက ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းမှာတော့ ပိုစတီကိုဂလူးဟာ အတော်လေး တက်ကြွဖွယ်ကောင်းတဲ့ တိုက်စစ် အသားပေး ပုံစံကို ဖော်ဆောင်နေတာဖြစ်တယ်။ သူ့ရဲ့ နည်းစနစ်မှာ ဂန္တဝင်ကြီးတွေဖြစ်တဲ့ ဘီရှန်ကလေ၊ ဘော့ပီယာစလေတို့ရဲ့ လွှမ်းမိုးမှု ပါဝင်နေမယ်ဆိုရင် ဒါဟာ လီဗာပူးအတွက်လည်း ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။