ပွဲကြို လေတိုက်လာတဲ့ ဒေးဗစ် မိုးယက်စ်၊ သက်တမ်းတိုးဖို့ စကားပြောနေခြင်း၊ ခြေစွာလွန်းနေတဲ့ လူငယ် ကြယ်ပွင့်နဲ့ လီဗာပူး နံနက်ခင်း သတင်းတိုများ

ကွင်းလယ်လူ ဟာဗေးကတော့ အသင်း အဝတ်လဲခန်းဟာ မနှစ်ကနဲ့မတူဘဲ ဆာလောင်မှုတွေ၊ နိုင်လိုစိတ်တွေ ပြင်းထန်နေကြောင်း ဖွင့်ဟသွားပါတယ်။

လီဗာပူးအသင်းဟာ သီယေဂို၊ မာတစ်တို့နဲ့ စာချုပ်ကိစ္စ စကားပြောမှု လုပ်ခဲ့ကြောင်း သတင်းတွေ ထွက်နေပါတယ်။ တိုးတက်တဲ့ အဆင့်မျိုး မရှိသေးပေမယ့်လို့ ၂၀၂၄ မှာ စာချုပ်ကုန်မယ့် သူတို့ နှစ်ဦးကို တစ်နှစ် စာချုပ်မျိုးတွေဖြင့် ကမ်းလှမ်းတာမျိုး ဖြစ်ဖွယ် ရှိပါတယ်။

ကစားသမားသစ် ၄ ဦး ပါဝင်တဲ့ ဒီရာသီအတွက် လီဗာပူးအသင်းရဲ့ အသင်းလိုက် လူစာရင်းပုံ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဂျပန် ကွင်းလယ်လူ ဝါတာရု အန်ဒိုက သူ့ကို အန်ဒိုလို့ ခေါ်နေကြတာထက် ဝါတာရုလို့ပဲ ပိုခေါ်စေချင်ပါတယ်လို့ အင်တာဗျူးမှာ ထုတ်ပြောပါတယ်။ သူကတော့ အယ်လီဆန်ဟာ သူမြင်ဖူးသမျှ ဂိုးသမားတွေထက် တစ်ဆင့်မြင့်သူအဖြစ် ချီးကျူးသွားပါတယ်။

ဆိုဘိုစလိုင်က သူဟာ လီဗာပူး ကစားသမားဖြစ်လာဖို့ အများကြီး ကြိုးစားခဲ့ရသလို များစွာသော ကစားသမားတွေက လီဗာပူးလို ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းမှာ ကစားလိုကြပါတယ်လို့ ထုတ်ပြောလာပါတယ်။

ရာသီကုန်ရင် ဝက်စ်ဟမ်းအသင်းက လီဗာပူးရဲ့ အထက်ကနေ ရာသီသိမ်းဖို့ကို မိုးယက်စ်ကလည်း ဆန္ဒရှိပါတယ်။ အဲဗာတန် နည်းပြဘဝနဲ့ လီဗာပူးအသင်း အထက်မှာ မကြာခဏ ရှိဖူးပါတယ်လို့ ဝက်စ်ဟမ်း နည်းပြမိုယက်စ်က လေတိုက်လာပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီရန်ရိုက်က ကမ္ဘာ့အကောင်းဆုံး တောင်ပံသမား အဖြစ် ရီးရဲလ်မက်ဒရစ်မှ ဗီနီးဆီးယက်စ်ထက် လီဗာပူးမှ ဆာလာကိုပဲ ရွေးချယ်ပါမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

ဒီနွေမှာ လက်စတာကနေ လီဗာပူး ခေါ်ယူထားတဲ့ ကွင်းလယ်လူ နိုင်ယွန်နီဟာ မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ အဲဗာတန် ယူ-၁၈ အသင်းနဲ့ ဒါဘီပွဲမှာ နောက်ကျ အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ဒီရာသီ ၄ ပွဲကစားရာမှာ ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပါပြီ။