သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဆုံး assist ကို ဒါဝင်အတွက် လုပ်ပေးနိုင်လို့ ကျေနပ်နေတဲ့ မာကာ

လီဗာပူး ကစားသမားဘဝ ပထမဆုံးသော assist ရခဲ့တာအတွက် မာကာက ပျော်ရွှင်နေပါတယ်။

ကွင်းလယ်လူ မာကာဟာ ဆိုဘိုစလိုင်လို မဟုတ်ဘဲ လီဗာပူး ကစားသမားဘဝ အစကို ရုန်းကန်နေရသူပါ။ ဒုတိယမြောက် ပွဲမှာတင် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို သူဟာ စိတ်ကြိုက်နေရာ မကစားရဘဲ အသင်းရဲ့ လိုအပ်ချက်အရ six role ဆင်းကစားနေရသူ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ သီတင်းပတ်မှာ ပွဲတွေကို ကပ်ပြီး ကစားခဲ့ရတာကြောင့် ဝုဗ်ပွဲမှာ ၄၅ မိနစ်နဲ့တင် လူစားလဲခံခဲ့ရပါတယ်။ ဒီပွဲမှာတော့ သူဟာ ကစားပြခွင့်ရခဲ့ပြီး ဒါဝင်ရဲ့ ဂိုးအတွက် ပြောင်မြောက်တဲ့ ပေးချက် လုပ်နိုင်ခဲ့ပါတယ်။

” အတော်လေး ခက်ခဲတဲ့ပွဲပါ။ ဝက်စ်ဟမ်းအကြောင်း ကျနော်တို့ သိပါတယ်။ သူတို့က ကောင်းကောင်းခံစစ် ကစားပြီး ကောင်တာ ပြန်ဖောက်ဖို့ ကြိုးစားတဲ့ အသင်းပါ။ ဒီအခြေအနေအတွက် ကျနော်တို့ အတော်လေး ပြင်ဆင်ထားခဲ့ပါတယ်။ နိုင်ပွဲရတာကို ကျေနပ်မိပါတယ်။

ဒါက ကလပ်အတွက် ကျနော်ရဲ့ ပထမဆုံး ဂိုးထောက်ပံ့မှုပါ၊ ပိုကောင်းတာက ဒါဝင်အတွက် လုပ်ပေးနိုင်ခဲ့တာမို့ပါ။ ဒါပေမယ့် အရေးကြီးဆုံးက ရလဒ်ပါပဲ။ ကျနော်တို့ အတော်လေး ကြိုးစားနေပါတယ်။ ရာသီစကနဲ့ယှဉ်ရင် အများကြီး တိုးတက်လာတာကို အားလုံး တွေ့ကြမှာပါ။

ကျနော်တို့ ဆက်ပြီး ကြိုးစားနေပါတယ်။ အရေးကြီးဆုံးက ပွဲတွေကို နိုင်နေဖို့ပါ၊ နိုင်အောင်လည်း ကြိုးစားနေပါတယ် ” လို့ မာကာက ပျော်ရွှင်စွာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မာကာဟာ ဒီပွဲမှာ ဘောလုံးပေးမှု ၉၅% တိကျခဲ့သလို အဆုံးသတ်ဇုန်ထဲကို ဘောလုံး ၈ ကြိမ် ပို့နိုင်ခဲ့ပါတယ်။ သူဟာ ဘောလုံးဆယ်ယူမှု ၈ ကြိမ် အောင်မြင်ခဲ့သလို ဘောလုံး ယှဉ်လုမှု ၄ ကြိမ် အောင်မြင်ခဲ့ကာ ထူးချွန် ခြေစွမ်း ပြသသွားခဲ့တာ ဖြစ်ပါတယ်။