အန်ဖီးကွင်းမှာ လီဗာပူးအသင်းဟာ ဒီရာသီ ခြေကောင်းတယ်လို့ မှတ်ချက်တွေရနေတဲ့ ဝက်စ်ဟမ်းအသင်းကို ၃-၁ ဖြင့် အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်သွားခဲ့ပါတယ်။
နည်းပြကလော့ပ်ဟာ အလှည့်ကျ လူထုတ်မှုတွေ လုပ်နေပြီး လက်စ်ပွဲမှာ ပွဲထွက်ခဲ့တဲ့ ဆာလာ၊ ဒါဝင်၊ ဒီယက်ဇ် တိုက်စစ်အတွဲကိုပဲ ထုတ်သုံးခဲ့ကာ ရွေးချယ်နိုင်တဲ့ထဲက အတောင့်တင်းဆုံး လူစာရင်းကို ခင်းကျင်းခဲ့ပါတယ်။ ညာအစွန်မှာ ဂိုးမက်စ်ကို ဆက်သုံးခဲ့ပြီး မာတစ် ပါလာခဲ့ကာ ကွင်းလယ်ကတော့ မာကာ၊ ဆိုဘို၊ ဂျုံး ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာတော့ ဝက်စ်ဟမ်းဘက်က လီဗာပူးအသင်းကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေဖြင့် ထိုးနှက်ခဲ့ကာ အသင်းရဲ့ အထနှေးတတ်မှုကို အခွင့်အရေး ယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရာသီစ အရှိန်ရစ ပြုလာနေတဲ့ လီဗာပူးအသင်းကို ဒီလို ပုံစံနဲ့ လာကစားလို့ မရပါဘူး။
ပွဲကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေမယ့် ခံစစ်ကို စနစ်တကျ ကာကွယ်ပြီး ကောင်းတာရရင် ကောင်တာ၊ ဘောလုံးပိုင်ဆိုင်မှုရရင် ကစားကွက် တည်ဆောက်ရင်း လီဗာပူးဘက်က ပွဲကို ချဉ်းကပ်ပါတယ်။ ပွဲစောစောမှာ အယ်လီဆန် အံ့မခန်း ကာကွယ်မှု လုပ်ခဲ့ရပြီး ဝက်စ်ဟမ်းရဲ့ ကောင်တာတွေကလည်း ကိုင်တွယ်ရ နည်းနည်းတော့ ခက်ခဲပါတယ်။
ဦးဆောင်ဂိုးကတော့ ဒီယက်ဇ်၊ ဒါဝင် တွဲလုံးကနေ ဆာလာက ဝင်ပိတ်ရာက ဖြစ်လာတဲ့ ပင်နယ်တီကို ဆာလာကပဲ အေးအေးဆေးဆေး ကန်သွင်းယူခဲ့တာပါ။ ဒါပေမယ့်လို့ ရိုဘိုရဲ့ မပါးနပ်ရာက ဝက်စ်ဟမ်းတို့ ဘယ်ခြမ်းကနေ ဖြတ်တင်ဘော လုပ်ခွင့်ရခဲ့ပြီး ဗန်ဒိုက် ရှေ့ကနေ ဘိုဝင်က ခေါင်းတိုက် သွင်းပါတယ်။
ပထမပိုင်း မပြီးခင် ကာတစ်ဂျုံးအတွက် ဆိုဘိုရဲ့ ပေးချက် တော်တော်လေး သပ်ရပ်ပေမယ့် လူကျွံသွားတာ အတော်လေး နှမျောဖို့ ကောင်းပါတယ်။ ပထမပိုင်းမှာ လီဗာပူးက ပြိုင်ဘက် ဧရိယာထဲ ဘောလုံး ဝင်ကစားနိုင်ပေမယ့် ဘောလုံး ဆုံးရှုံးရာက ကောင်တာဖောက်ခွင့်တွေ ပေးနေခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ လီဗာပူး ပွဲထိန်းချုပ်ပုံ အရမ်း မတက်လာပေမယ့် ခံစစ်ပိုင်း ကာကွယ်မှု တိုးတက်လာပါတယ်။ ဝက်စ်ဟမ်းတို့ အခွင့်အရေး မရအောင် စနစ်တကျ ပိတ်ဆို့ထားနိုင်ပါတယ်။ အသင်းဟာ ဒုတိယပိုင်းဆို အတော်လေး ခြေစွမ်းငြိမ်တာက သတိပြုစရာပါ၊ တိုက်စစ် ခံစစ်ကို ပိုပြီး ကျစ်ကျစ်လစ်လစ် ကစားလာနိုင်ပါတယ်။
ညာခြမ်းက ဂိုးမက်စ် အတော်လေး ခြေစွမ်းကောင်းခဲ့ပြီး သူ့ဘက်က တက်လာသမျှ ဝက်စ်ဟမ်း ကစားသမားတိုင်းကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ရိုဘိုရဲ့ ခံစစ် ကစားပုံ ပိုကောင်းလာပါတယ်။ ဒီပွဲမှာ လီဗာပူးကွင်းလယ်က မာကာဟာလည်း အတော်လေး လုပ်ပြနိုင်ခဲ့ပါတယ်။
အသင်းကို ကြည့်ရတာ အသင်းဖော်တွေကြား နားလည်မှုပိုင်း တိုးတက်လာတယ်၊ စိတ်ဓါတ်ပိုင်း အတော်လေး မာကျောမှု ရှိတယ်၊ ပွဲကို တည်တည်ငြိမ်ငြိမ် ချဉ်းကပ်တယ်၊ နိုင်ပွဲရဖို့ ယုံကြည်ချက် ရှိနေပါတယ်။ ခံစစ်ပိုင်း အနည်းငယ် အာရုံစိုက်ရင် အတော်လေး အားရစရာ ကောင်းလာမှာပါ။
အခုဆိုရင် တစ်ပတ်ပြီး တစ်ပတ် ကစားပုံ တိုးတက်လာနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲယူထားပါပြီ။ ဒီခြေစွမ်း ဒီကြံ့ခိုင်မှုကို ဆက်ထိန်းနိုင်ရင် ကလော့ပ်ရဲ့ Liverpool 2.0 ဟာ အတော်လေး မျှော်လင့်လို့ကောင်းတဲ့ အသင်း ဖြစ်လာဖို့ ရှိနေပါတယ်။