ပရိသတ်တွေ ရွေးတဲ့ အကောင်းဆုံး ကစားသမား၊ လာမယ့် ပွဲစဉ် ၅ ပွဲ၊ ကလော့ပ်ရဲ့ ကွန်ပလိန်းကို ဖြေရှင်းပေးတဲ့ လက်စ်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်အဖြစ် ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပြီးတဲ့နောက် လီဗာပူးအသင်ဟာ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပြီး ဇယားထိပ်က မန်စီးတီးနဲ့ ၂ မှတ်ပဲ ကွာဟတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲအတွက် ပရိသတ်တွေ ရွေးချယ်တဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဆာလာ ရရှိပါတယ်။

တိုက်စစ်မှူး အန်တိုနီယိုကို ဖိနှိပ်ခဲ့ပြီး ဗရမ်းဗတာ အခြေအနေတွေကို ကိုင်တွယ်သွားခဲ့တဲ့ ခံစစ်မှူး မာတစ်ရဲ့ စွမ်းဆောင်ရည် အပေါ် နည်းပြကလော့ပ်က ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေး ဖန်တီးမှု အများဆုံးအဖြစ် တစ်ဦးတည်း ၈ ကြိမ်ထိ လုပ်ပေးထားနိုင်ပါတယ်။ ဒါဟာ အာဆင်နယ် တစ်လုံး လုပ်ထားနိုင်တဲ့ အခွင့်အရေး ဖန်တီးမှုနဲ့ တူညီပါတယ်။

ဒါဝင် နူးညက်စ်ဟာ တိုက်စစ်ထက် ခံစစ်ပိုင်းမှာ ပြဿနာရှိနေခဲ့ပြီး အခု သူအသင်းမှာ အထိုင်ကျလာသလို တိုက်စစ် ခံစစ် ပါဝင်ကစားမှုတွေ ဟန်ချက်ညီလာတယ်လို့ ကလော့ပ်က ချီးကျူးပါတယ်။

ဝက်စ်ဟမ်း နိုင်ပွဲအပြီး လီဗာပူးအသင်းဟာ နောက်ဆုံး ကစားထားတဲ့ အမှတ်ပေးပွဲ ၁၆ ဆက်တိုက် ရှုံးပွဲ မရှိထားကာ ဒါဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး မှတ်တမ်းဖြစ်ပါတယ်။

လီဗာပူးအသင်းထံ ပြောင်းလာပြီး ကလော့ပ် လက်အောက် ပုံမှန်ပွဲထွက်ခွင့် အဖြစ် အသင်းဖော်ဟောင်း မက်ကယ်လစ္စတာနဲ့ တွဲဘက်ရမယ့် အခွင့်အရေးကို ငြင်းဆန်ခဲ့ကာ ချယ်ဆီးထံ ပြောင်းသွားတဲ့ ကိုင်ဆီဒိုဟာ ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံး ရွေးချယ်မှု လုပ်ခဲ့သူအဖြစ် မှတ်ချက်ပေးခံနေရပါတယ်။

ယူရိုပါလိဂ်ပွဲအဖြစ် လက်စ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရာမှာ ကွင်း မြက်ခင်းက အတော်လေး ဆိုးရွားတယ်လို့ ကလော့ပ်က ကွန်ပလိန်း တက်ခဲ့ပါတယ်။ လက်စ်ဘက်က ဒီအခြေအနေကို နားလည်ပြီး နောက်တစ်ကြိမ် အဲ့လို မဖြစ်ဖို့ အကောင်းဆုံး ပြင်ဆင်နေပါကြောင်း စာထုတ် ဖြေရှင်းသွားပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲကတော့ လက်စတာ (ကာရာဘောင်း)၊ စပါး (ပရီးမီးယားလိဂ်)၊ ယူနီယံ စိန့် (ယူရိုပါလိဂ်)၊ ဘရိုက်တန် (ပရီးမီးယားလိဂ်)၊ အဲဗာတန် (ပရီးမီးယားလိဂ်) ပွဲစဉ်တွေ ဖြစ်ပါတယ်။