ရှက်ဖီးကို ၈-၀ ဖြင့် အနိုင်ယူပြီးနောက် လီဗာပူးပေးတဲ့ ဒဏ်ရာတွေအကြောင်း အန်ဒီဟောင် ရင်ဖွင့်

ရှက်ဖီးယူနိုက်တက်ကို အဝေးကွင်းမှာ ၈-၀ ဖြင့် ဂိုးပြတ် အနိုင်ရပြီးတဲ့နောက် နယူးကာဆယ်ဟာ လီဗာပူးပေးတဲ့ နာကျင်မှုတွေကနေ ရုန်းထလာနိုင်ပြီလို့ နည်းပြ အန်ဒီဟောင်က ဆိုသွားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာ နယူးကာဆယ်ဟာ စိန့်ဂျိမ်းပက်ခ်မှာ လီဗာပူးကို ဧည့်ခံကစားခဲ့စဉ် မိနစ် ၆၀ ကျော် ၁ ဂိုးနဲ့ တစ်ယောက် အသာဖြင့် ကစားခဲ့ရတာတောင် လီဗာပူးရဲ့ အံ့မခန်း အနိုင်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါဝင် နူးညက်စ်ရဲ့ နောက်ကျ သွင်းဂိုး ၂ ဂိုးဟာ နယူးကာဆယ်ကို အသဲကွဲစေခဲ့တာပါ။ အဲ့နောက်ပိုင်း နယူးကာဆယ်တို့ ခြေစွမ်း ယိုင်ထွက်သွားခဲ့ကာ ဒီအပတ်မှာတော့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါတယ်။

” ဒီရာသီ စတင်လာတာ ကျနော်တို့အတွက် ခက်ခဲပါတယ်။ အက်စတွန်ဗီလာကို ရင်ဆိုင်ကစားတဲ့ အဖွင့်ပွဲမှာ ကျနော်တို့ သိပ်ကောင်းပြီး နိုင်ပွဲကြီး ရခဲ့ပါတယ်။ ကျနော်တို့ ရာသီသစ်ကို အကောင်းဆုံး စတင်နိုင်မယ် ထင်ခဲ့ပြီး နှစ်သက်မိတာပေါ့။

အဲ့နောက် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့တယ်။ လီဗာပူးပွဲကတော့ ကျနော်တို့ကို အတော်လေး နာကျင်စေခဲ့ပါတယ်။ အဲ့နာကျင်မှုဟာ ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ခြေစွမ်းဆိုးတဲ့ထိ သက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ အတော်လေး စိတ်ပျက်ခဲ့ရတယ်။

ပြီးခဲ့တဲ့ အပတ်မှာတော့ အသင်းက ပြန်ပြီး နိုးထလာနိုင်သလို နိုင်ပွဲတွေရခဲ့ပြီး clean sheet လည်း ၃ ပွဲဆက် ရလာခဲ့ပါတယ် ” လို့ အန်ဒီဟောင်က ပြောဆိုသွားပါတယ်။