Harvard Business School မှာ MBA အတန်းအတွက် ထည့်တွင်း ဆွေးနွေးခဲ့ကြတဲ့ လီဗာပူးနဲ့ ဆာလာ စာချုပ်ကိစ္စ

၂၀၂၂ နွေမှာ မိုဆာလာဟာ လီဗာပူးအသင်းမှာ ၂၀၂၅ ခုနှစ်ထိ ဆက်ရှိနေမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး လပေါင်းများစွာ ထွက်ပေးနေတဲ့ ထင်ကြေးနဲ့ စိုးရိမ် ပူပန်မှုတွေကို အပြီးသတ်စေခဲ့ပါတယ်။

ဒီစာချုပ် ကြံ့ကြာမှုဟာ ဆာလာဘက်က လုပ်ခပိုင်း တောင်းဆိုမှုရဲ့ နောက်ဆက်တွဲ ဖြစ်ပြီး လီဗာပူး တာဝန်ရှိသူတွေနဲ့ အေးဂျင့် Ramy Abbas က နောက်ကွယ်မှာ အတော်လေး စကားပြောခဲ့ကြကာ နှစ်ဘက် အဆင်ပြေတဲ့ သဘောတူညီမှုရအောင် အချိန်ယူပြီး ညိနှိုင်းနိုင်ခဲ့ပါတယ်။

အဆိုပါ စာချုပ်ကိစ္စ ဘယ်လို ညိနှိုင်းခဲ့ကြသလဲ ဆိုတာကို Harvard Business School မှာ MBA ဘွဲ့အတွက် Topic တစ်ခုအဖြစ် လေ့လာနိုင်အောင် ဆာလာ၊ အေးဂျင့် Abbas တို့ဟာ လီဗာပူးဘက်က အကူအညီဖြင့် ပြည့်ပြည့်စုံစုံ ဖွင့်ချပေးခဲ့ပါတယ်။

အဆိုပါ ဖွင့်ချမှုထဲမှာ Ramy Abbas က ဆာလာကို ” စာချုပ်သစ်အတွက် သဘောတူညီမှု မရတော့မှာကို ငါတော့ စိုးရိမ်မိနေပြီ။ လီဗာပူးဘက်က နောက်ဆုံး ကမ်းလှမ်းလာတာက ငါတို့ လိုချင်တာနဲ့ သိပ်ကို ကွာဟလွန်းနေတယ် ” ဆိုတဲ့ ပြောဆိုမှုလည်း ပါဝင်ခဲ့ပါတယ်။

အားကစားပိုင်ဆိုင်ရာအရ ကြီးကျယ်တဲ့ ကိစ္စတစ်ခုကို ခက်ခဲစွာ ကိုင်တွယ်ခဲ့ကြရာမှာ ဘာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်၊ ဘယ်အပိုင်းကို ခက်ခဲစွာ ညိနှိုင်းခဲ့ကြတယ် ဆိုတာကို ဆာလာဘက်ကကော၊ လီဗာပူးအသင်းဘက်ကပါ ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြတယ်လို့ သိရတယ်။

ဆာလာရဲ့ စာချုပ်သစ်အရ လီဗာပူးအသင်းဟာ ကစားသမားကို ကလပ် စံချိန်တင် လုပ်ခ တစ်ပတ် ပေါင် ၃၅၀၀၀၀ ပေးခဲ့ရပြီး ဆုကြေးတွေ အပါဆိုရင် တစ်ပတ် ပေါင် ၅ သိန်းထိ ရောက်ရှိနိုင်တာပါ။ ဆာလာဟာ သူလိုချင်တဲ့ ကလပ်ဘက်က သူ့အပေါ် တန်ဖိုးထားမှုကို ရခဲ့တာဖြစ်ပါတယ်။

ကျောင်းသားတွေဘက်ကတော့ “ လက်ရှိ ကမ္ဘာ့ လုပ်ခအများဆုံး ကစားသမားတွေထဲ ပါဝင်နေတဲ့ အသက် ၃၀ အရွယ် ဆာလာအတွက် နောက်ထပ် စာချူပ်သစ်တစ်ခု ထပ်ရဖို့ Abbas ဘက်က ကြိုးစားပေးနိုင်သေးလား?” အပါအဝင် မတူညီတဲ့ ရှုထောင့်တွေအတွက် မေးခွန်းတွေ ထုတ်ခဲ့ကြပါသေးတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ ဆာလာအတွက် ဆော်ဒီဘက်က ပေါင် သန်း ၁၅၀ တန် ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး လာမယ့် စျေးကွက်တွေမှာလည်း များပြား ပြောင်းရွှေ့ကြေးဖြင့် ချိတ်ဆက်ခံရမှုတွေ ရရှိဖွယ် ရှိနေသေးတာ ဖြစ်ပါတယ်။