အန်ဖီးကို တင်းနေတဲ့ မိုယက်စ်၊ A++ အဆင့် သတ်မှတ်မှု၊ ကာရာဘောင်းပွဲ အရန်တွေ ဦးစားပေးဖို့ ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဘယ်အစွန်လူ ကိုစတက်ကို ကာလရှည် သက်တမ်းတိုးခဲ့ပါပြီ။ ယခင်စာချုပ်က ၂၀၂၅ ခုနှစ်ထိ သက်တမ်းရှိကာ စာချုပ်သစ်အရ ၂၀၂၇ ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေမယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် နည်းပြအဖြစ် အန်ဖီးကို အကြိမ် ၂၀ လာကစားရာမှာ တစ်ကြိမ်မှ မနိုင်ဖူးခြင်းအပေါ် အတော်လေး စိတ်ကုန်နေပါပြီလို့ ထုတ်ပြောသွားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ အခွင့်အရေးကြီး ဖန်တီးနိုင်စွမ်း အရှိဆုံး အသင်း နေရာမှာ လီဗာပူးက ထိပ်ဆုံးက ရပ်တည်နေပါတယ်။

အမေရိကန် အားကစားကုမ္ပဏီ Nike ဟာ လီဗာပူးအသင်းကို A++ အဆင့် အသင်းကြီးအဖြစ် မှတ်ယူထားပြီး စာချုပ်သစ် သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။

လက်စတာနဲ့ ကာရာဘောင်းပွဲမှာ နည်းပြကလော့ပ်ဟာ အရန်ကစားသမား အများအပြားကို ထုတ်သုံးပြီး အလှည့်ကျစနစ် ဆက်လက် သုံးမယ်လို့ သိရပါတယ်။

ကွင်းလယ်လူ ကာတစ်ဂျုံးအပေါ် လီဗာပူးပရိသတ်တွေကြား အကဲဖြတ်မှုက အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ တချို့ကတော့ ဂျုံးဟာ ဂိုးထောက်ပံ့မှုမရှိ၊ ဖန်တီးမှု မရှိသူလို့ ဝေဖန်ကြပြီး တချို့ကတော့ အချက်အလက်တွေကို မကြည့်ဖို့နဲ့ ဂျုံးဟာ ဂီနီလို ကစားသမားအဖြစ် ဖိအားပေးမှုတွေမှာ အဓိကကျနေတာကို ကြည့်ဖို့ တုန့်ပြန်ပါတယ်။

ဆိုဘိုစလိုင်ကြောင့် လီဗာပူး ကျောနံပါတ် ၈ ကို လူတွေ ပြန်ပြီး လေးစားစ ပြုလာကြပြီလို့ အသင်းပရိသတ်တွေက ဝက်စ်ဟမ်းပွဲ အပြီး ပျော်ရွှင်စွာ မှတ်ချက်ပေးလာကြပါတယ်။

ဒါဝင် နူးညက်စ်ဟာ လေ့ကျင့်ရေးမှာ အရမ်း ကြိုးစားတယ်လို့ မာကာက ဖွင့်ချခဲ့ပါတယ်။ သူကတော့ အသင်းဖော် တိုက်စစ်သမားလေး ဒီရာသီ အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ နွေမှာ အန်ဆယ်လော့တီ နေရာ အစားထိုးဖို့ လေဗာကူဆင် နည်းပြ အလွန်ဆိုကို ချိန်ရွယ်ထားပြီ ဖြစ်ပါတယ်။

လူငယ် ကွင်းလယ်လူ တေလာမော်တန်ဟာ ဟူးစီးတီးအသင်းမှာ ခြေစွမ်းပြနေပြီး ၃ ပွဲကစားရာမှာ ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ပေးနိုင်ပါတယ်။ ကာဗာရိုကလည်း မိုချန်ဂလတ်ဘတ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ပါနိုင်ခဲ့ပါတယ်။