ကာတစ်ဂျုံးဟာ ကလော့ပ် ပြန်လည် တည်ဆောက်နေတဲ့ ကွင်းလယ်တန်းမှာ သိပ်ပြီး အသိအမှတ်ပြုခြင်း မခံရတဲ့ ကစားသမားဖြစ်ပေမယ့် ဝက်စ်ဟမ်းပွဲအပြီးမှာ သူ့ကို အားပေးနေတဲ့ ပရိသတ်တွေ အများကြီးရှိလာနေပါပြီ။
ဒီရာသီ တတိယမြောက် ပွဲထွက်မှုအဖြစ် ဂျုံးဟာ မာကာ၊ ဆိုဘိုစလိုင်တို့နဲ့ ကွင်းလယ်မှာ တွဲဘက် ကစားခွင့်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းပွဲ အပြီးမှာ လူသိများတဲ့ လီဗာပူးတွစ်တာ အကောင့်တစ်ခုက ” ကလော့ပ် ဘာကြောင့်များ ကာတစ်ဂျုံးကို နေရာပေးနေတာလဲ?” ဆိုပြီး စိတ်ပျက်တဲ့သဘော ဝေဖန်ခဲ့တာပါ။
ဒါပေမယ့် မမျှော်လင့်စွာဘဲ များစွာသော လီဗာပူးပရိသတ်တွေက သူ့ရဲ့ အမြင်ကို ဆန့်ကျင်ပြီး ကာတစ်ဂျုံးဘက်က ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။ ကွင်းထဲမှာ ဘယ်တော့မှ မရပ်တန့်ခဲ့တဲ့ ဂျုံးဟာ ဂီနီလက်သစ်အဖြစ် ယုံကြည်ခြင်းခံရသလို ကွင်းလယ် နှလုံးအိမ်အဖြစ် ချီးကျူးမှုအချို့ ရခဲ့ပါတယ်။
ကာတစ်ဂျုံးဟာ ဝက်စ်ဟမ်းပွဲမှာ ဘောလုံး မှားပေးမှု ၂ ကြိမ်ပဲ ရှိခဲ့ကာ ဘောလုံးဖြန့်ဝေမှု ၉၆% တိကျခဲ့ပြီး အဆုံးသတ်ပိုင်း အတွင်း ပေးပို့မှုမှာဆိုရင် ဆိုဘိုစလိုင်ထက်တောင် ပိုမို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိရာမှာ ဂျုံးဟာ ၁၄ ပွဲကို ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တာပါ။ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဒီရာသီစ ဘုန်းမောက်နဲ့ နယူးကာဆယ်ပွဲတွေမှာတော့ သူမပါနိုင်ခဲ့ပါဘူး။
လီဗာပူးနည်းပြအဖွဲ့ဟာ ကာတစ်ဂျုံးရဲ့ အဓိက အားနည်းချက်ဖြစ်တဲ့ ဘောလုံးဖြန့်ဝေမှု နှေးကွေးခြင်းအပေါ် တစ်ဦးချင်း သီးသန့် လမ်းညွှန်မှု လုပ်ခဲ့အပြီးမှ စနစ်သစ်ထံ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်သစ်မှာ သူဟာ ဆုံးဖြတ်ချက်ပိုင်း ပိုမို ကောင်းမွန်လာတယ်လို့ နည်းပြအဖွဲ့က ယုံကြည်ထားပါတယ်။
ဂျုံးကို ဝေဖန်သူတွေက ကွင်းလယ်လူဟာ ဂိုးထောက်ပံ့မှု မရှိ၊ ဂိုးသွင်းယူနိုင်ခြင်း မရှိတဲ့ အချက်ကို အဓိက ကိုးကားပြီး ပွဲထွက်မှာ မပါသင့်ဘူးလို့ မှတ်ချက်ပေးခဲ့ကြတာပါ။
ဒါပေမယ့်လို့ ဂျုံးကို နှစ်သက်သူတွေကတော့ လူတိုင်းက မီလ်နာ၊ ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်တို့ရဲ့ ကွင်းလယ်ဟာ ဂိုးမသွင်းနိုင်ဘူး၊ ဖန်တီးမှု မလုပ်နိုင်ဘူးလို့ ဝေဖန်ခဲ့ကြပေမယ့် သူတို့ဟာ ကလော့ပ် လက်ထက် အကောင်းဆုံး ကွင်းလယ်အတွဲ ဖြစ်ခဲ့ခြင်းဖြင့် နှိုင်းယှဉ်ပြီး ဂိုးမသွင်းနိုင်တာနဲ့ အဲ့ကစားသမား မကောင်းဘူး ပြောတာမျိုးဟာ သင့်လျော်မှု မရှိဘူးလို့ တုန့်ပြန်ခဲ့ကြပါတယ်။
လီဗာပူးကွင်းလယ်ဟာ ပြန်လည် တည်ဆောက်နေတဲ့ အချိန်ကာလဖြစ်ပြီး ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာတို့နဲ့အတူ ကွင်းလယ်မှာ ကာတစ်ဂျုံး၊ ဂရာဗင်ဘက်ချ်၊ ဟာဗေး၊ ဘာ့ဆဲတစ်၊ အန်ဒိုနဲ့ သီယေဂိုတို့ကလည်း နေရာပြိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။