

၂၀၂၂ မှာ အေဂျက်ကနေ ဘိုင်ယန်မြူးနစ်ကို ပေါင် သန်း ၂၀ ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဂရာဗင်ဘက်ချ်ဟာ ဒီနွေမှာတော့ လီဗာပူးကို ပေါင် ၃၅ သန်းဖြင့် ထပ်မံ ပြောင်းရွှေ့ခဲ့တာပါ။ နေဂယ်စမန်းလက်ထက်နဲ့ တူချယ် လက်ထက်တွေမှာ ပွဲထွက်ခွင့် မရခြင်းဟာ အခုလို မြန်မြန်ဆန်ဆန် အသင်းပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဂရာဗင်ဘက်ချ်က အလားအလာရှိပေမယ့် နည်းပြတူချယ်ကတော့ သူ့ကို ခံစစ်ပိုင်း ကူညီပေးနိုင်တဲ့ ကွင်းလယ်လူအဖြစ် မမြင်ဘဲ No 8 သမားအဖြစ်ပဲ မြင်ပါတယ်။ ဒါကြောင့် ဒီနွေမှာ ပါလင်ညာလို ခံစစ်အသားပေး ကစားသမားကို ရလိုခဲ့ပြီး ဂရာဗင်ဘက်ချ်ကို ရှင်းထုတ်ခဲ့တာပါ။
တူချယ်ကတော့ ” ရိုင်ယန်ရဲ့ အဓိက ပြဿနာက ကျနော်တို့ဟာ ၄-၂-၃-၁ စနစ်မှာ No 8 သမား ထားကစားခြင်း မရှိတာပါပဲ။ တိုက်စစ်မှာ အတွေ့အကြုံရှိ ကစားသမားတွေနဲ့ တွဲထုတ်မှုကို ပျက်ဆီးစေနိုင်ပါတယ်။ အသင်းမှာ နေရာမရတဲ့ အခြေအနေကို သူ မပျော်နိုင်ပါဘူး။
သူက လီဗာပူးရဲ့ ၄-၃-၃ စနစ်မှာတော့ No 8 နေရာအတွက် တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်နေတယ်။ သူ အသင်းပြောင်းလိုနေခဲ့ပြီး လီဗာပူးက ကမ်းလှမ်းလာချိန်မှာတော့ ကျနော်တို့ ဆွေးနွေးခဲ့ကြတာပါ ” ဆိုပြီး ရှင်းပြခဲ့ပါတယ်။
လီဗာပူးအသင်းဟာ စာရွက်ပေါ်မှာ ၄-၃-၃ ပုံစံ ခင်းပေမယ့် ၃-၂-၂-၃ ပုံစံ ပြောင်းကစားနေပြီး ကွင်းလယ်ခံစစ်သမား စစ်စစ်ကို ဖြုတ်ထားခဲ့တာပါ။ ထရန့်ကို ညာခြမ်းကနေ ကွင်းလယ် No 8 နေရာထိ တက်ကစားစေခြင်းကို ရုတ်သိမ်းကာ စနစ်သစ်မှာတော့ ကွင်းလယ် No 6 နေရာထိပဲ ဝင်ကစားဖို့ ပြောင်းလဲ နေရာချနေတာ ဖြစ်ပါတယ်။
ယခင်ကတော့ ထရန့်ဟာ လွတ်လပ်စွာ တိုက်စစ်လိုက်ပါခွင့်ရပြီး အရှေ့တက်သွားရင် ပေါ်ထွက်လာတဲ့ သူ့ရဲ့ နေရာလွတ်ကို ညာခြမ်း ကွင်းလယ်လူ ဟန်ဒါဆန်က ညာအစွန်လူ အဖြစ် ဖြည့်ကစားပေးခဲ့တာပါ။ စနစ်သစ်မှာ ညာခြမ်း ကွင်းလယ်လူ ဆိုဘိုကို တိုက်စစ် ခံစစ် လွတ်လပ်စွာ ကစားခွင့်ပေးပြီး ထရန့်ကို ကွင်းလယ် ဖန်တီးရှင်နေရာ တာဝန်ပေးထားပါတယ်။
ကျန်တဲ့ ကွင်းလယ် ၃ ယောက်ကိုတော့ တစ်ဦးကို ထရန့်နဲ့ တွဲပေးပြီး ကျန် ၂ ဦးကို ပြိုင်ဘက်ခြမ်းမှာတင် ဘယ်/ညာ No 10 နေရာတွေက တစ်ဆင့် ဘောလုံး လုယူခြင်းနဲ့ တိုက်စစ်ပိုင်း လိုက်ပါစေခြင်းတို့ဖြင့် ပြောင်းလဲ ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။ လက်တလော ထရန့် မကစားနိုင်ချိန်မှာတောင် လီဗာပူးဟာ ဘာ့ဆဲတစ်၊ ဂိုးမက်စ်တို့ဖြင့် ညာအစွန်ကနေ six Role ထဲ ထည့်နေဆဲ ဖြစ်ပါတယ်။
လီဗာပူးနည်းပြအဖွဲ့ကတော့ ဂရာဗင်ဘက်ချ်ကို No 6 သမားအဖြစ် မြင်ပါတယ်။ ဒါပေမယ့် ပုံသေ No 6 သမား မဟုတ်ဘဲ တိုက်စစ်ကို လိုက်ပါနိုင်သူအဖြစ် ရှေ့ကို တက်ကစားခွင့်တွေ ပေးဦးမှာပါ။ သူ့ရဲ့ ပထမဆုံး လီဗာပူး သင်ခန်းစာဟာဆိုရင် ဘောလုံးမပါဘဲနဲ့ ပြင်းထန်စွာ ဖိအားပေးကစားနိုင်ရေး အပိုင်းဖြစ်ထားခဲ့တယ်။
ကလော့ပ်ရဲ့ စနစ်သစ်မှာ စွယ်စုံရ ကွင်းလယ်လူတွေဟာ အဓိကကျသူတွေ ဖြစ်လာခဲ့တယ်။ ကွင်းလယ်တန်းရဲ့ လိုက်လျောညီထွေ ကစားနိုင်မှုအရ လီဗာပူး ကစားကွက်ဟာ ဘောလုံးပိုင်ဆိုင်ချိန်၊ တိုက်စစ်တင်ကစားချိန်တွေမှာ ၄-၄-၂ နဲ့ ၃-၂-၅ ပုံစံတွေကို အလျင်သင့်သလို ပြောင်းလဲသွားပါတယ်။
လီဗာပူးပရိသတ်တွေက အနာဂတ်မှာ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဆိုဘို ကွင်းလယ် တွဲလုံးကို မြင်လိုနေပြီး နည်းပြကလော့ပ်က သူတို့ ၃ ဦးလုံးကို ကွင်းလယ် ခံစစ်သမား စစ်စစ် နေရာ မထားဘဲ တိုက်စစ်ကိုပါ လိုက်ပါဖို့ ခွင့်ပြုပေးဖွယ် ရှိနေပါတယ်။