နည်းဗျူဟာ အပြောင်းအလဲတစ်ခုဟာ လီဗာပူးရဲ့ ကံကြမ္မာကို ပြောင်းလဲစေမှာဖြစ်ပြီး ကလော့ပ်ဟာ သူ့အသင်း ဘောလုံးရထားချိန်မှာ ထရန့်ကို ကွင်းလယ်နေရာ ပြောင်းလဲကစားစေခဲ့တာပါ။
ကွင်းလယ်မှာ ထရန့် လွတ်လပ်စွာ ဖန်တီးခွင့်ရသွားတာနဲ့အတူ ဒါဟာ တိုက်စစ်အတွက် နောက်ထပ် ရှုထောင့်တစ်ခု ရစေခဲ့ပေမယ့် ညာအစွန်လူကြောင့် ဖြစ်ပေါ်လာတဲ့ နေရာလွတ်တွေကို ပြိုင်ဘက်တွေ အသုံးချလို့ရနေခဲ့ပါတယ်။ ကြိုးစားနေဆဲ စနစ်ဟာ ဟာကွက်တွေ ရှိပေမယ့် အလားအလာကောင်းနေပြီလို့ ဗန်ဒိုက်က မြင်ပါတယ်။
“ ဒါက လုပ်ဆောင်နေဆဲ စီမံကိန်းတစ်ခုပါ။ ဘောလုံးပိုင်ဆိုင်မှုရထားရင် အဆင်ပြေပေမယ့် တန်ပြန်တိုက်စစ် ပြန်ခွင့်ပြုပေးရရင် လက်ရှိထက် နည်းနည်းပိုပြီး စုစုစည်းစည်း ရှိနေဖို့လိုအပ်တယ်။ ဘောလုံးရာသီ ဒီလိုအချိန်ရောက်မှ ပြောင်းလဲပြီးတော့ ရလဒ်ကောင်းတွေ ရနေသေးတာက ကောင်းတဲ့လက္ခဏာ တစ်ခုပါ ” လို့ ဗန်ဒိုက်က ရှင်းပြပါတယ်။
လီဗာပူးအသင်းရဲ့ ကျဆင်းပြီး စိတ်ပျက်စရာ ဘောလုံးရာသီဟာ ဗန်ဒိုက် ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ခြင်းကြောင့်လည်း အကြောင်းရင်း တစ်ခုပါ။ ပုံမှန် ဘောလုံးရာသီကြားထဲ ကမ္ဘာ့ဖလားဝင်နှောင့်တာဟာ ခက်ခဲကြောင်းနဲ့ အချို့ကလပ်တွေကတော့ ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့ကြတယ်လို့ ဗန်ဒိုက်က မှတ်ချက်ပေးခဲ့တယ်။
‘‘ ကမ္ဘာ့ဖလားက သေချာပေါက် အကျိုးသက်ရောက်မှု ရှိခဲ့တာပေါ့။ ပုံမှန်ရာသီမျိုး မဟုတ်တော့ဘူးလေ။ ဒါပေမယ့် လူတိုင်းက ဒါကို ဖြေရှင်းကြရတာပဲ။ တချို့ကလပ်တွေက တခြားကလပ်တွေကထက် ပိုကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ် ” လို့ ဗန်ဒိုက်က ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၆၃ ပွဲ ကစားရတဲ့ လီဗာပူးအတွက် အဓိကကျခဲ့သလို ကမ္ဘာ့ဖလားကြောင့် နိုင်ငံပွဲတွေကိုလည် မလွတ်ခဲ့တဲ့ ဗန်ဒိုက်ဟာ ကြီးမားတဲ့ ခန္ဓာကိုယ် အသုံးချရမှုရဲ့ ဒဏ်ကို ပြင်းထန်စွာ ခံစားနေခဲ့ရတယ်။ ဒါပေမယ့် ကလော့ပ်က သူ့ကို အနားပေးလို့ မရခဲ့ပါဘူး။
လီဗာပူးဟာ ဇူလိုင်လမှာ လေ့ကျင့်ရေးစခန်းအတွက် ဂျာမနီကို သွားရမှာဖြစ်ပြီး နောက်ခရီးအဖြစ် စင်ကာပူမှာ ဘိုင်ယန်နဲ့ တွေ့ရဦးမှာပါ။ ကစားသမားတွေအနေနဲ့ ကောင်းကောင်း အနားယူပြီးရင် တတ်နိုင်သလောက် အမြန်ဆုံး ရာသီကြိုကို လာပူးပေါင်းဖို့ ကလော့ပ်က မှာကြားထားပါတယ်။
“ ရာသီကုန်ပြီးရင် နားရက်ရဖို့က သိပ်အရေးကြီးတယ်။ နားရက်က ရာသီကြိုလိုပဲ အရေးပါတယ်။ အားလုံးကို ချန်ခဲ့၊ မေ့ထားခဲ့ပြီးတော့ တခုခုအပေါ်မှာ စိတ်ဖြေရတာ၊ မင်းရဲ့ ခန္ဓာကိုယ်ကို အနားပေးရင်း အားပြန်ဖြည့်ရတာပါ။ ဒါကြောင့် ကျွန်တော်တို့ ဟန်ချက်ညီအောင် ထိန်းသိမ်းရမှာပါ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။