ယာဂင်ကလော့ပ်ဟာ လီဗာပူးနည်းပြ ရာထူးကို ၂၀၂၆ နွေအထိ တာဝန်ယူပြီးရင် စာချုပ်သစ် ထပ်မံ သက်တမ်းမတိုးတော့ဘဲ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးထားပါတယ်။
ဒီ ၃ နှစ်အတွင်းမှာ လီဗာပူးအသင်းဟာ နည်းပြလောင်း တစ်ဦးကို ရှာဖွေနေမှာဖြစ်ပြီး အသင်းရဲ့ ပေါ်လစီနဲ့ ကိုက်ညီမယ့် လူငယ် နည်းပြတွေကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ လီဗာပူးရဲ့ မန်နေဂျာသစ် ဖြစ်လာနိုင်သူ ၅ ဦးအဖြစ် အောက်ပါ ပုဂ္ဂိုလ်တွေကို စောင့်ကြည့်ရပါမယ်။
Pep Lijnders
နယ်သာလန်သားဟာ ၂၀၁၈ မှာ အသင်းထံ တစ်ကျော့ ပြန်ရောက်လာပြီးတည်းက ကလော့ပ် အယုံကြည်ရဆုံးသူ ဖြစ်လာနေပါတယ်။ ကလော့ပ် တစ်ဦးတည်းအတွက်ပဲ လက်ထောက်နည်းပြ လုပ်မယ်လို့ ထုတ်ပြောထားတဲ့ သူဟာ ဖလားပွဲတွေမှာ မန်နေဂျာတစ်ယောက်ရဲ့ လုပ်ထုံးလုပ်နည်းတွေအဖြစ် မီဒီယာပိုင်းကို တာဝန်ယူခွင့် ရနေပါတယ်။
လီဗာပူးနည်းပြအဖွဲ့မှာ အတက်ကြွဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ဆန်းသစ်တဲ့ အမြင်တွေကို အသင်းမှာ ဖော်ဆောင်နေသူပါ။ သူဟာ ကိုယ်တိုင် မန်နေဂျာအဖြစ် ကာလတိုပဲ လုပ်ဆောင်ထားဖူးသူ ဖြစ်ပါတယ်။
Roberto De Zerbi
ဘရိုက်တန်နည်းပြဟာ ဒီနှစ်တွေထဲမှာ တိုက်စစ်အသားပေးတဲ့ ဆွဲမက်ဖွယ် ကစားဟန်ကို ဘရိုက်တန်နဲ့ တည်ဆောက်ပြလာပါတယ်။ ကလော့ပ်နဲ့ ဂွာဒီယိုလာလို နည်းပြတွေ ကိုင်တိုင်က အီတလီသားအပေါ် အထင်ကြီးမှု ရှိပါတယ်။
လီဗာပူး ကစားသမားဟောင်း လယ်လာနာကတော့ ဒီဇာဘီဟာ နည်းစနစ်ပိုင်းမှာ ကလော့ပ်ထက်တောင် ပိုပြီး အသေးစိတ်တယ်လို့ ဆိုပါတယ်။
Xabi Alonso
လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူမယ့်သူအဖြစ် နာမည်ကြီးနေပါတယ်။ သူဟာလည်း တိုက်စစ် အသားပေးဟန်ကို ကျင့်သုံးသူဖြစ်ပြီး လူစာရင်းကနေ အကောင်းဆုံး ပုံစံတွေကို ထုတ်ယူနိုင်သူအဖြစ် နာမည်ရပါတယ်။
လီဗာပူး ကစားသမားဟောင်းဖြစ်လို့ အင်္ဂလန်လိဂ်မှာပါ အဆင်ပြေမယ်လို့ ယူဆရပေမယ့် ၂၀၂၆ ခုနှစ် မတိုင်ခင် သူက အသင်းကောင်း တစ်သင်းထံ ရောက်ရှိသွားနိုင်ပါတယ်။
Julian Nagelsmann
ဥရောပထိပ်သီး ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ရာမှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဂျာမာန်မှာတော့ သူ့ကို ကလော့ပ် လက်သစ်အဖြစ် မြင်ကြပြီး လေးစားမှုရှိပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ရလဒ် ထိခိုက်မှု နောက်ဆက်တွဲ အတွင်းပိုင်း ပြန်တည်ဆောက်မှုမှာ ရှင်းထုတ်ခြင်း ခံခဲ့ရပါတယ်။
လိုက်ဇစ်မှာ ခံစစ်ကနေ ကစားကွက် တည်ဆောက် ပြခဲ့သလို ကွင်းလယ် နေရာချပုံ ဆန်းသစ်တဲ့ သူ့ရဲ့ နည်းစနစ်ဟာ အတော်လေး လေ့လာခံခဲ့ရပါတယ်။
Steven Gerrard
အက်စတွန်ဗီလာမှာ ရုန်းကန်ရပြီးတဲ့နောက် ဂျရတ်ဟာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ထက် ဆော်ဒီလိဂ်ကို ရွေးချယ်ခဲ့ခြင်းအတွက် များစွာ အံ့ဩသင့်ကြရပါတယ်။ ရိန်းဂျားအသင်းမှာ တောက်ပတဲ့ ပုံစံတွေကို ကိုင်တွယ်ပြခဲ့ပြီး လီဗာပူးပရိသတ်တွေ များစွာ မျှော်လင့်ထားကြပေမယ့် နည်းပြအဖြစ် အသင်းကို ရောက်လာဖို့ အခွင့်အရေး နည်းလွန်းပါတယ်။