ချွန်ထွက်လာနေတဲ့ ကွင်းလယ်၊ လိုသုံးမဟုတ်တဲ့ ကွမ်းဆက်၊ ဆက်သွားဦးမယ့် အလှည့်ကျစနစ်နဲ့ လက်စတာ နိုင်ပွဲအပြီး စကား ပြောစရာများ

လီဗာပူး ရွှေ့နေတဲ့ စနစ်သစ်

ထရန့် မကစားနိုင်သလို ဂိုးမက်စ်ကိုလည်း စနေနေ့ပွဲအတွက် ချန်ထားရချိန်မှာ နည်းပြကလော့ပ်ဟာ ညာအစွန်လူအဖြစ် ကာတစ်ဂျုံးကို သုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲတုန်းကတော့ ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ ညာအစွန်နေရာက ဝင်ကစားခဲ့သေးတာပါ။

လီဗာပူးနည်းပြအဖွဲ့ဟာ ညာအစွန်လူကို ကွင်းလယ်ထဲ ပို့တဲ့ စနစ်ကို ထရန့်အတွက် ပြောင်းလဲလိုက်ခြင်း မဟုတ်ဘဲ ကလပ် ရေရှည်သွားမယ့် စနစ်အဖြစ် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တချိန်က ဘယ်/ညာ အစွန်လူတွေကို တောင်ပံသမားတွေအဖြစ် နေရာချပြီး တိုက်စစ်သမား ၅ ဦးပုံစံ ကစားခဲ့သေးကာ အခုချိန်မှာတော့ အစွန်လူတွေနဲ့ပဲ ခံစစ်ကို ပိုမို ကျစ်လစ်စေမယ့် စနစ်တစ်ခုထံ သွားနေပါပြီ။

မနှစ်က တစ်ရာသီ မှတ်တမ်းကို လိုက်မှီတဲ့ ကွင်းလယ်သစ်

ဒီရာသီ လီဗာပူး ကွင်းလယ် လူသစ် ၄ ဦးဟာ နွေမှာ အသင်းက ထွက်သွားတဲ့ ကွင်းလယ်လူဟောင်း ၅ ဦး မနှစ်ရာသီမှာ လုပ်ပြခဲ့သလောက် ဂိုးတွေအတွက် ပါဝင်ပတ်သက်မှုကို ရာသီအစမှာတင် ကျော်သွားခဲ့ပါပြီ။

ဆိုဘိုစလိုင်ဟာ ဆယ်စုနှစ်တွေအတွင်း အသင်းရဲ့ အကြီးကျယ်ဆုံး ကစားသမား ဖြစ်လာမယ့်သူအဖြစ် အစွမ်းကုန် တောက်ပနေပြီး လက်စတာပွဲမှ သူ့ရဲ့ သွင်းဂိုးဟာ စတီဗင်ဂျရတ်လိုပဲလို့ နှိုင်းယှဉ်ခံနေရပါတယ်။ ဖလားပွဲတွေမှာ ပွဲထွက်နေရတဲ့ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ကလည်း အထိုင်ကျစ ပြုလာနေပါပြီ။

နည်းပြကလော့ပ်ဟာ သူ့ရဲ့ ဦးစားပေး လီဗာပူး ကွင်းလယ်တန်းကို မရသေးပေမယ့် ဂျုံး၊ ဟာဗေး၊ ဘာ့ဆဲတစ်လို လူငယ်တွေနဲ့ လူသစ်တွေကို ပေါင်းစပ်ထားတဲ့ ကွင်းလယ် အင်အားဟာ မနှစ်ကလို့ လှောင်ရယ်စရာ အခြေအနေကနေ ဖောက်ထွက်လာနေပြီ ဖြစ်ပါတယ်။

စီနီယာတွေကို ကျော်ဖို့ မလွယ်တဲ့ ဗန်ဒုတ်

လူငယ် တိုက်စစ်သမား ဗန်ဒုတ်ဟာ အရည်အချင်းရှိပေမယ့်လို့ သူ့ရှေ့က အဓိက တိုက်စစ်သမားတွေကို ကျော်နိုင်ဖို့ မလွယ်လှပါဘူး။ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပိုတို့ဟာ ဂိုးသွင်းနိုင်စွမ်းရှိမှုတွေ ပြသနေသလို အချိန်မရွေး ဂိုးသွင်းနိုင်ကြပါတယ်။ ဗန်ဒုတ် အနေနဲ့ ရလာတဲ့ အခွင့်အရေးမှာ တိုးတက်မှုကို ရှာဖွေဖို့ပဲ အာရုံစိုက်နေရမှာပါ။

လိုသုံးမဟုတ်တဲ့ ကွမ်းဆက်

ဒီရာသီကြိုမှာ နည်းပြအဖွဲ့က ကွမ်းဆက်ကို ခေါ်ယူခြင်းကို များစွာသော လီဗာပူး ပရိသတ်တွေက သဘောမကျခဲ့ပါဘူး။ ကွမ်းဆက်ဟာ လက်ရှိ လီဗာပူး အကယ်ဒမီရဲ့ အကောင်းဆုံး ခံစစ်မှူးလို့ နာမည်ကောင်းရပေမယ့် ခံစစ်မှူးသစ် မခေါ်လိုတာကြောင့် လိုသုံးအဖြစ် ကွမ်းဆက်ကို ရွေးချယ်ထားတာလို့ ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။

အခုချိန်မှာတော့ အားလုံးက ကွမ်းဆက်ဟာ လိုသုံး မဟုတ်တာကို သတိပြုမိလာကြပါပြီ။ လက်စတာပွဲမှာ တစ်သင်းလုံးအတွင်း ဘောလုံးပေးမှု တိကျမှု အရှိဆုံးအဖြစ် ၈၁ ကြိမ် ပေးနိုင်ခဲ့ပြီး အဲ့ထဲက ၅ ကြိမ်ဟာ အဆုံးသတ်ပိုင်း ဇုန်တွေထဲကို ပေးပို့ခဲ့တာပါ။ သူဟာ ဘောလုံး ကြားဖြတ်လုမှု ၃ ကြိမ်၊ ဘောလုံး ဆယ်ယူမှု ၄ ကြိမ်ကိုလည်း အောင်မြင်ခဲ့ပါတယ်။

အသက် ၂၀ ပဲ ရှိသေးပြီး ခံစစ်မှူးတစ်ဦးအဖြစ် သန်မာလာဖို့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်နေတဲ့ ကွမ်းဆက်ဟာ လာမယ့် ၂ ရာသီအတွင်း ပရီးမီးယားလိဂ် ပွဲထွက်နေရာကို စိန်ခေါ်လာနိုင်ဖွယ် ရှိပါတယ်။

ထပ်မြင်ရမယ့် အလှည့်ကျစနစ်

ဖလားပွဲတွေမှာ အရန်ကစားသမားတွေနဲ့ လူငယ်တွေကို တွဲသုံးနေခဲ့ပြီး လာမယ့် အပတ်တွေမှာ အလှည့်ကျ လူထုတ်မှုတွေကို ထပ်မြင်ရဦးမှာပါ။ ဒီရာသီ ဖလား ၄ လုံးမှာ မြင့်နိုင်သလောက် အမြင့်ဆုံးကို ရောက်နိုင်ရေး ကြံ့ခိုင်မှုတွေ ထိန်းသိမ်းဖို့၊ ပွဲကစားခွင့်တွေ ပေးဖို့ စီမံပေးရမှာဖြစ်ပါတယ်။

မာကာ၊ ဆိုဘိုတို့ဟာ ပွဲကြီးတွေမှာ အဓိက အသုံးပြု ခံရမှာဖြစ်ပြီး အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကတော့ ဖလားပွဲတွေက တစ်ဆင့် အထိုင်ကျလာရမှာပါ။ ဖလားပြိုင်ပွဲ အားလုံးမှာ ဆက်ရှိနေခြင်းဟာ တိုက်စစ်ပိုင်း ပြိုင်ဆိုင်မှုကိုလည်း ပိုပြီး အရှိန်ရလာစေမှာ ဖြစ်ပါတယ်။