လက်စတာအသင်းကို ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့ ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးဟာ ကလော့ပ် ပြန်လည် တည်ဆောက်နေတဲ့ စနစ်သစ် အလုပ်ဖြစ်လာနေကြောင်း သက်သေပဲ ဖြစ်ပါတယ်။
ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်လာတဲ့ ဆိုဘိုဟာ ပွဲချိန် မိနစ် ၇၀ မှာတော့ ပြောင်မြောက်တဲ့ အဝေးကစ်ဖြင့် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။
ကလော့ပ်က ” သူ့ကို (ဆိုဘိုစလိုင်) ဘယ်ကနေ ကန်ထည့်ပါလို့ ကျနော် မပြောပါဘူး။ သူမှာ အရည်အချင်းကောင်းတွေ ရှိပြီး သူက ကျနော်ထက် ပိုသိပါတယ်။ နောက်တစ်လုံးလည်း သူကန်ထည့်လိုက်တာ လက်ပစ်ဗုံး ကျနေတာပဲ၊ နည်းနည်းလေး လွဲသွားတာ။ မင်းတို့လည်း မြင်မှာပါ ” လို့ ချီးကျူးပါတယ်။
လီဗာပူးအသင်းဟာ ဘောလုံးဆုံးရှုံးပြီးရင် ဘောလုံးကို အမြန်ဆုံး ပြန်ရဖို့ ကြိုးစားလေ့ရှိပါတယ်။ အဲ့သည်အခိုက်အတန့်ဟာ ပြိုင်ဘက်ရဲ့ ကစားကွက် ဟာကွက် အရှိဆုံးဆိုတဲ့ အတွေးအခေါ်မျိုး လီဗာပူး အသင်းသားတွေရဲ့ ခေါင်းထဲ ရိုက်သွင်းပေးထားတာပါ။
ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးကို ချီးကျူးသလို ကလော့ပ်က ဝါတာရုကို အမှတ်ပေးဖို့ မမေ့ပါဘူး။ ချက်ခြင်း ဘောလုံးပြန်လုလို့ ရလာချိန် ပထမဆုံး ပေးချက်အဖြစ် ဝါတာရုဟာ ခံစစ်ကို ဘောလုံး ပြန်မပေးဘဲ ဧရိယာထိပ်က ဆိုဘိုစလိုင်ကို မှန်ကန်စွာ ရွေးချယ် ပေးပို့ခဲ့ပါတယ်။
” ပရီးမီးယားလိဂ် ပွဲတွေမှာ အသင်းတိုင်းက ဆိုဘိုကို ပိတ်ဖို့ ကြိုးစားနေကြတယ်၊ ဒါကြောင့်ပဲ သူ ဒီလို ကန်ချက်တွေနဲ့ ဂိုးမရသေးတာပါ။ ဒါပေမယ့် ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ပြီး နေရာကောင်းက ကန်ခွင့်ရရင် ဂိုးတွေ ထပ်ရဦးမှာပါ။
ဝါတာရုက ဆိုဘိုကို ဘောလုံးပေးခဲ့ချိန် သူ့ကို တားဆီးမယ့် ကစားသမား မရှိတော့ စူပါဂိုးကို သွင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘောလုံး ပြန်ရပြီးချိန် ပထမဆုံး ပေးချက်က အရေးကြီးရတာပါ၊ တိုက်စစ်ထံ ဦးတည်တဲ့ အမြင်ရှိဖို့ လိုအပ်တာပါ။ ဝါတာရုရဲ့ ပေးချက်က အများကြီး အကူအညီ ဖြစ်ခဲ့ပါတယ် ” လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။