ခံနိုင်ရည်ရှိဖို့ သိပ်ခက်ခဲပေမယ့် ဝေဖန်သူတွေ မှန်ကြပါတယ်လို့ ဗန်ဒိုက် ဝန်ခံ

မန်စီးတီးကို ၁-၀ နဲ့အနိုင်ရပြီး နောက်ပွဲလောက်မှာ တန်းဆင်းဇုန်က ဖောရက်စ်ကို ရှုံးခဲ့တယ်၊ ယူနိုက်တက်ကို ၇ ဂိုးသွင်းပြီး နောက်တပတ်မှာ တန်းဆင်းဇုန်က ဘုန်းမောက်ကို ရှုံးခဲ့တယ် အဲ့တာက ဘယ်လိုအသင်းမျိုး ဖြစ်မလဲ။ ဒါဟာ လီဗာပူးရဲ့ ဘောလုံးရာသီပဲ ဖြစ်နေပါတယ်။

မကြာသေးခင်က ရီးရဲလ်မက်ဒရစ်ကို အကြီးအကျယ် အရေးနိမ့်ပြီး မန်စီးတီး လက်အောက်မှာ ကျရှုံးခဲ့ပြန်တယ်။ ဒါပေမယ့် အဲ့နောက်ပိုင်း လီဗာပူးက စည်းချက်တချို့ ပြန်ရလာတယ်။ ၃ပွဲဆက်နိုင်တယ်၊ ၅ပွဲဆက် မရှုံးသေးဘူး။ ဝေဖန်မှုတွေကနေ ပြန်တက်လာနိုင်ရေး အသင်းက အားထုတ်နေပါတယ်။

ဗန်ဒိုက်ကတော့ “ ဝေဖန်ခံရတာကို ဘယ်သူကမှ မခံနိုင်ပါဘူး။ ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိပါတယ်လို့ တယောက်ယောက် ဖြေတယ်ဆိုရင် အဲ့တာက လိမ်ညာတာပါ။

ဒီရာသီ ကျနော်တို့ကို ဝေဖန်နေကြတာတွေက မှန်ပါတယ်။ ကိုယ်လုပ်နိုင်တာ တစ်ခုတည်းက ခေါင်းငုံ့ထားပြီး တိုးတက်လာရေးတွေမှာ အာရုံစိုက်ဖို့ပါပဲ။ ကျနော်ရဲ့ စွမ်းဆောင်ရည်က အသင်းနည်းတူ အနိမ့်အမြင့် ကြုံနေရတာကို သိပါတယ်။

ကျနော်အပေါ် ဝေဖန်နေကြတာကို သိပါတယ်။ ကုန်ခဲ့တဲ့ ၅ ရာသီအတွင်းမှာ ကျနော်က သိပ်မြင့်တဲ့ အဆင့်တစ်နေရာထိ ရောက်ခဲ့တာကြောင့် အခုလို ရာသီမှာ ဝေဖန်ခံရတာက ပုံမှန်ပါပဲ။ တစ်ခုတည်းသော ကျနော်လုပ်နိုင်တာက တိတ်တိတ်လေးနေပြီး အခြေအနေတွေ ပိုကောင်းလာရေး အာရုံစိုက်ဖို့ပါ ” လို့ ဖြေပါတယ်။

လီဗာပူးအသင်း ဒီရာသီမှာ ဘယ်လိုရလဒ်ပဲ ရပါစေ ပရိသတ်တွေက ကျေနပ်အားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူခြင်းဟာ လာမယ့်ရာသီအတွက် တွန်းအားတစ်ခု ဖြစ်စေမယ်လို့ ဗန်ဒိုက်က ပြောပါတယ်။

“ ကျနော်တို့က တည်ငြိမ်မှုရဖို့ ကြိုးစားနေတာ။ ဒီအတွက် တခုတည်းသော နည်းလမ်း ပွဲတွေကို ပုံမှန်ကစားဖို့ပဲ ရှိပါတယ်။ ကျနော်တို့ ကောင်းကောင်း လေ့ကျင့်ပါတယ်။ နောက်ရာသီအတွက် ကောင်းတာတခုခု အောင်မြင်ချင်ရင် ရှေ့လာမယ့်ပွဲတွေ အားလုံးကို အနိုင်ယူရပါမယ် ” လို့ ဗန်ဒိုက်က ဖြေဆိုခဲ့ပါတယ်။