လီဗာပူးအသင်းရဲ့ ပေါင် ၁၆၄ သန်း (ဒေါ်လာ သန်း ၂၀၀) တန် အသေးစား ရှယ်ယာတွေကို အမေရိကန် အားကစားဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအဖွဲ့ Dynasty Equity ထံ ရောင်းချခဲ့ပြီ ဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။
မနှစ်က လီဗာပူးအသင်းအတွက် ရင်းနှီးမြုပ်နှံမှု အသစ် ရှာဖွေမယ်လို့ FSG ရဲ့ ကြေညာချက် နောက်ဆက်တွဲအဖြစ် တစ်နှစ်အကြာမှာတော့ မဟာဗျူဟာ မိတ်ဖက်သစ်နဲ့ လက်တွဲလာခဲ့တာပါ။ ဒါပေမယ့်လို့ ဒီငွေကြေးတွေဟာ ယာဂင်ကလော့ပ် အတွက် အပြောင်းအရွှေ့ အသုံးစရိတ် ဖြစ်လာမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဘက်ကတော့ ကလပ် တစ်သင်းလုံးရဲ့ လက်ရှိ တန်ကြေး တန်ဖိုးဖြတ်မှုကို ထုတ်မပြလိုတာကြောင့် ရှယ်ယာ ရာနှုန်း ဘယ်လောက်ကို စျေးနှုန်း ဘယ်လောက်ဖြင့် ရောင်းချခဲ့ပါတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။
ဒီရင်းနှီးမြုပ်နှံမှုသစ်ဟာ ကိုဗစ်ကာလနောက်ပိုင်း ဆုံးရူံးမှု ကြီးမားခဲ့တဲ့ လီဗာပူးအသင်းကို ဘဏ္ဍာရေးပိုင်း ပြန်ပြီး အားကောင်းစေမယ်လို့ သိရပါတယ်။ မနှစ်ကရာသီမှာ လီဗာပူးအသင်းဟာ ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံး ပြန်ရတဲ့ ဘဏ္ဍာရေး အကျိုးအမြတ်ဟာ ပေါင် ၇.၅ သန်းပဲ ရှိခဲ့ပါတယ်။
လီဗာပူး သတင်းရင်းမြစ်ကတော့ Dynasty ကရတဲ့ ငွေကြေးတွေကို ကိုဗစ် နောက်ဆက်တွဲ ကိစ္စတွေ အပြင် ကလပ်ရဲ့ လေ့ကျင့်ရေးကွင်းနဲ့ အန်ဖီးကွင်း တိုးချဲ့မှုတွေအတွက် ပေးချေရမယ့် နေရာတွေမှာ သုံးသွားမယ်လို့ သိရတယ်။
အန်ဖီးကွင်း တိုးချဲ့မှုဟာ မကြာခင် အပြီးသတ်တော့မှာဖြစ်ကာ ဒီရာသီနဲ့ လာမယ့် ရာသီက စတင်လို့ ပိုများလာမယ့် ကွင်းဝင်ကြေးကတော့ ကလပ်ရဲ့ ရေရှည် ဘဏ္ဍာရေးကို အခြေခိုင်လာစေပါမယ်။
FSG ဟာ သူတို့ ကာလရှည် ရှာဖွေနေတဲ့ မိတ်ဖက်သစ်ကို ရခဲ့ပြီဖြစ်တာမို့ ရင်းနှီးမြုပ်နှံမှု အသစ်တွေကို ထပ်ရှာတော့မှာ မဟုတ်ပါဘူး။ အမေရိကန်အဖွဲ့ဟာ လီဗာပူးအသင်းရဲ့ ပိုင်ရှင်တွေအဖြစ် ကာလကြာ ဆက်လက် ကိုယ်စားပြုနေမှာ ဖြစ်ပါတယ်။