ဒိုင်အဖွဲ့ရဲ့ အမှား ဝန်ခံခြင်း၊ စိုးရိမ်ရတဲ့ ဂက်ပို ဒဏ်ရာ၊ အားဖြစ်စေတဲ့ ပရိသတ်တွေကို ကျေးဇူးတင် တိုက်တွန်းကြခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းမှာ VAR စစ်ဆေးခဲ့ခြင်း မရှိပါဘူး။ ဒိုင်အဖွဲ့ကတော့ မှားယွင်းခဲ့ပါကြောင်း ဝန်ခံလိုက်ပါတယ်။

စပါးပွဲမှာ ဒိုင်လူကြီးဟာ ဖြစ်ရပ် ၅ ခုထက် မနည်းကို မှားယွင်းစွာ ကိုင်တွယ်ခဲ့ပြီး ဒိုင်အဖွဲ့က ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ စောင့်ကြည့်ကြဖို့ ပွဲနေ့ အစီအစဉ် တင်ဆက်သူတွေက တိုက်တွန်းနေကြပါတယ်။

သူ့ဘဝမှာ ဒီလောက် မမျှတတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပွဲတစ်ပွဲကို မမြင်ဖူးခဲ့ပါဘူးလို့ နည်းပြကလော့ပ်က ပွဲအပြီး မှတ်ချက်ပေးပါတယ်။

ရော်ဘတ်ဆန်က အဝေးကွင်းမှာ ပွဲပြီးတဲ့ထိ လီဗာပူးအသင်းသားတွေဘက်က ရပ်တည်ခဲ့တဲ့ ပရိသတ် ၃၀၀၀ ကျော်ကို ကျေးဇူးတင်စကား ပြောဆိုပါတယ်။ ” ဘယ်သူတွေပဲ ငါတို့ကို ဆွဲချပါစေ၊ မင်းတို့ကတော့ အဲ့ထဲ ဘယ်တော့မှ မပါကြပါဘူး၊ ကျေးဇူးတင်ပါတယ် ” လို့ ဖြစ်ပါတယ်။

မက်ကယ်လစ္စတာက အာဂျင်တီးနား အသင်းဖော် ရိုမဲရိုးရဲ့ ပိုစ့်အောက်မှာ ” မင်းတို့ ၁၂ ယောက်နဲ့ ကစားရမှာတော့ ဒီရလဒ်ပဲ ထွက်မှာပေါ့ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒါဝင် နူးညက်စ်က ပွဲအပြီးမှာ ” အတူတကွနဲ့ အကုန်လုံးကို ရင်ဆိုင်ကြရအောင် ” လို့ အသင်းရဲ့ လူမှုကွန်ယက်မှာ ဝင်ရောက် မှတ်ချက်ပေးပြီး စိတ်ဓါတ်မကျဖို့ လုံ့ဆော်သွားပါတယ်။

စပါးပွဲမှာ ဒဏ်ရာရသွားတဲ့ ဂက်ပိုရဲ့ အခြေအနေက စိုးရိမ်ရဖွယ်ရှိပြီး ပွဲအပြီးမှာ ဒူးအကာဖြင့် ထွက်ခွာခဲ့ရပါတယ်။

လီဗာပူး ကစားသမားဟောင်း ရွိုင်ယန် ဘာဘယ်ကတော့ ကွင်းလယ်ဒိုင်ကို စပါးဂျာစီနဲ့အတူ လှောင်ပြောင်မှု ပြုလုပ်ခဲ့ပါတယ်။

စပါး ၁-၂ လီဗာပူးပွဲအပြီး အင်္ဂလန်ဘောလုံးသုံးသပ်သူ အများအပြားက ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ရဲ့ ညံ့ဖျင်းမှုဟာ လက်မခံနိုင်စရာအဖြစ် ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲစဉ်ဟာ အရွှေ့တစ်ခုကို သွားဖို့အတွက် စတင်ခြင်း ဖြစ်လာဖို့ မျှော်လင့်မှုတွေ ရှိနေပါတယ်။

၉ ယောက်တည်းဖြင့် ယှဉ်ပြိုင်ခဲ့ရတဲ့ မနက်ကပွဲမှာ ဆိုဘိုစလိုင်ဟာ ဘောလုံး ပြန်ဆယ်မှု ၁၃ ကြိမ်ထိ လုပ်ခဲ့ပြီး ကွင်းထဲမှာ အများဆုံး လုပ်နိုင်ခဲ့သူပါ။

စပါးကို ရှုံးခဲ့ပေမယ့် Liverpool 2.0 ဟာ ဒီရာသီ တစ်ခုခု လုပ်ပြနိုင်လိမ့်မယ်လို့ လီဗာပူး ပရိသတ်တွေ ယုံကြည်လာကြပါတယ်။ များစွာသော ပရိသတ်တွေကတော့ ရလဒ်ကြောင့် ခေါင်းငုံ့မနေဘဲ ဒီရာသီ အသင်းရဲ့နောက်မှာ ရပ်တည်ကြဖို့၊ ဒီစိတ်ဓါတ်နဲ့ ရှေ့ဆက်ဖို့ အချင်းချင်း အားပေးနေကြပါတယ်။