အထိုင်ကျလာတဲ့ အသင်း၊ အမှားကို သင်ယူဖို့လိုခြင်း၊ စပါးကို ရှုံးခဲ့တဲ့ပွဲအတွင်း အကောင်းမြင်စရာတွေ ပေါ်ထွက်လာခြင်းနဲ့ ပွဲအပြီး ပြောစရာများ

အထိုင်ကျစပြုလာတဲ့ လူစာရင်းသစ်

စပါးပွဲမှာ တစ်ယောက်လျော့ မဖြစ်ခင် လီဗာပူး ကစားပုံ အတော်လေး တိုးတက်လာတာကို မြင်ရပါတယ်။ ဂိုးဖြစ်သင့်တဲ့ အခွင့်အရေးကြီး ၃ ကြိမ်ထိ ရခဲ့ချိန်မှာ ခံစစ်က စိုးရိမ်စရာ အခြေအနေ သိပ်ပြီး မမြင်ခဲ့ရတာက ကျေနပ်စရာပါ။

ဒီရာသီမှာ တောက်လျှောက် အထနှေးခဲ့ပေမယ့် စပါးပွဲမှာတော့ လီဗာပူးအသင်းဟာ ရာသီသစ်ကို စတင် ဝင်ရောက်လာနိုင်ပြီဆိုတာကို ပြသခဲ့ပါတယ်။ အကယ်လို့ ဒီပွဲကို ၁၁-၁၁ ယှဉ်ပြိုင်ရမယ်ဆိုရင် ယာဂင်ကလော့ပ်ရဲ့ အသင်းသစ် ဘယ်လောက် တိုးတက်လာသလဲ ပိုမြင်ခွင့်ရခဲ့မှာပါ။ သိပ်ကောင်းမယ့်ပွဲ ခပ်စောစောမှာတင် အရှင်းခံလိုက်ရတာ ခံပျင်းစရာပါပဲ။

ဂရုစိုက်ရတော့မယ့် စည်းမျဉ်းသစ်

ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ရမှာပါ၊ တချိန်တည်းမှာ ဘာတွေမှားနေလဲ သင်ယူဖို့ကလည်း အရေးကြီးပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ ၇ ရာသီမှာ အသန့်ရှင်းဆုံး အသင်းအဖြစ် ၅ ရာသီ ရပ်တည်ခဲ့ပါတယ်။ အဲ့လိုအသင်းက ဒီရာသီ အစ ၇ ပွဲမှာတင် အနီကဒ် ၄ ကဒ် ရှိနေပါပြီ။

တကယ်တမ်းကတော့ လီဗာပူး ကစားသမားတွေ အဝါ/ အနီ ထိသင့်တာထက်ကို ဒိုင်လူကြီးတွေရဲ့ တည်ငြိမ်မှု မရှိတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပြစ်ဒဏ်တွေ ပိုရနေပါတယ်။ ပါးနပ်ဖို့ လိုအပ်တာတွေ အများကြီး မြင်ခဲ့ရပါတယ်။

စပါးပွဲမှာဆိုရင် ဂျိုတာရဲ့ ပထမအဝါကဒ်မှာ ဒိုင်ရဲ့ တလွဲ ဆုံးဖြတ်ချက်ဆိုပေမယ့် ဒုတိယ အဝါကဒ်ကတော့ ဂျိုတာ မိုက်မဲတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင်က ကိုယ့်ဘက် မပါချိန် ဒီဖြတ်ထုတ်မှု လုပ်ရင် သူ နီဖို့ဟာ ရာနှုန်းများတဲ့ကြားက သွားလုပ်မိပြီး နှစ်ဝါ တစ်နီဖြစ်ခဲ့ပါတယ်။ ကိုယ်မှန်တယ်ဆိုတိုင်း ဒိုင်မှန်မယ် မျှော်လင့်လို့ မရပါဘူး။

တသားတည်း စုစည်းမိလာနေခြင်း

ဘောလုံးပွဲတစ်ပွဲမှာ အရေးကြီးတာက ရလဒ်ဖြစ်ပါတယ်။ စပါးပွဲမှာ ကိုယ်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဒိုင်ဘက်လိုက်ပါတယ် ပြောပြော ရာသီကုန်မှာ ရလဒ်ကပဲ ရပ်တည်ချက်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ဘယ်လောက်ပဲ မမျှတပါဘူး ပြောပြော လီဗာပူး ရှုံးလို့ ဘယ်ပြိုင်ဘက်မှ ဝမ်းမနည်းပါဘူး၊ ဒါ အမှန်တရားပါ။ လီဗာပူး ရမှတ်ဆုံးရှုံးခြင်းဟာ ပြိုင်ဘက်တွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ကျနော်တို့အသင်းက ၉ ယောက်တည်းနဲ့ အဝေးကွင်းမှာ စပါးကို အံတုခဲ့တယ်။ ဒါပေမယ့် ရလဒ်မှာ ရှုံးခဲ့ပါတယ်၊ ဒါလည်း အမှန်တရားပါပဲ။

အကောင်းမြင်စရာကတော့ အသင်းရဲ့ စုစည်းမှုဖြစ်ပါတယ်။ ဒီရာသီ လီဗာပူး တာထွက် မကောင်းပါဘူး။ ပွဲတိုင်းလိုလို စွမ်းဆောင်ရည်ပိုင်း ဟာကွက် များလွန်းခဲ့ပါတယ်။ လူသစ်တွေနဲ့ လူဟောင်းတွေကြားမှာ ကော်နက်ရှင် တစ်ခုခု လိုအပ်ခဲ့တာပါ။ စပါးပွဲမှာတော့ ဒီဟာကွက်ကို စဖြည့်နိုင်ခဲ့ပြီလို့ မြင်နိုင်ပါတယ်။

ပွဲအပြီး လူမှုကွန်ယက်တွေမှာ ဒါဝင်၊ မာကာတို့ရဲ့ မှတ်ချက်တွေအရ သူတို့ဟာ လီဗာပူးအသင်းနဲ့ ပေါင်းစပ်မိလာပါပြီ။ လီဗာပူးအသင်းမှာ အရည်အချင်းပိုင်း မနည်းပါဘူး။ ဖလားအောင်မြင်ဖူးတဲ့ သူတွေ၊ အရည်အချင်း ရှိသူတွေ အများကြီးပါ။ လိုနေတာက သူတို့ချင်း နားလည်မှုပြည့်လာဖို့ အသင်းပရိသတ်တွေနဲ့ တသားတည်း ဖြစ်လာဖို့ပါ။

စပါး ရှုံးပွဲဟာ လီဗာပူး ပရိသတ်တွေနဲ့ အဝတ်လဲခန်းကို နာကျည်းချက်တွေ ပေးမှာပါ၊ နောက်ပြီး စုစည်းသွားစေမှာပါ။ ဘောလုံးအသင်း တစ်သင်းမှာ ဒါက အရေးကြီးပါတယ်။ ဒီအချိန်မှာ အားလုံးက အသင်းအတွက် ဂုဏ်ယူနေသင့်ပြီး ခေါင်းမော့ထားသင့်ပါတယ်။

နိုင်ပွဲ ပြန်ရှာဖို့ အရေးကြီးခြင်း

အခုချိန်မှာ လီဗာပူးအသင်းက စိတ်ဓါတ်ပိုင်း အကောင်းဆုံး အခြေအနေကို ရောက်ရှိနေပါပြီ။ ဒဏ်ရာ ပြဿနာလည်း သိပ်မရှိလှဘဲ ဂက်ပိုနဲ့ သီယေဂိုလောက်ပဲ ရှိပါတယ်။ အသင်းဟာ ကြားရက် ယူရိုပါလိဂ်ပွဲကို အနိုင်ယူဖို့ နောက်အပတ် ဘရိုက်တန်ပွဲကို အနိုင်ယူဖို့ပဲ အရေးကြီးပါတယ်။

စပါး ရှုံးပွဲကို ဘယ်လို တုန့်ပြန်ပြမလဲဆိုတာက ဒီရာသီ လီဗာပူးရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ် ပေးမှာပါ။ ရလဒ်ကောင်းဖြင့် တုန့်ပြန်နိုင်ရင် ရာသီကုန် တစ်ခုခု မျှော်လင့်လို့ရတဲ့ အသင်းအဖြစ် ပရိသတ်တွေ ယုံကြည်လာပါလိမ့်မယ်၊ နောက်အပတ်ပွဲ ရလဒ် မကောင်းခဲ့ရင် အသင်းဟာ ဆုဖလား စိန်ခေါ်နိုင်ဖို့ လိုအပ်ဆဲဆိုတာ ပေါ်လွင်သွားပါလိမ့်မယ်။