

လီဗာပူးပွဲစဉ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့ကြောင်း ပရီးမီးယားလိဂ်ဆိုင်ရာ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ PGMOL က ဝန်ခံမှု လုပ်ခဲ့ပါတယ်။
ပွဲစဉ်အတွင်းမှာ ကွင်းလယ်ဒိုင် ဟူပါထံက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၅ ကြိမ်လောက် ရှိခဲ့ပေမယ့် PGMOL ရဲ့ ဝန်ခံမှုက ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ခြင်း မရှိတဲ့ VAR ရဲ့ ဆုံးဖြတ်ချက်အတွက်ပဲ ဖြစ်ပါတယ်။
ပွဲအတွင်းမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Darren England နဲ့ အကူ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Dan Cook တို့ နှစ်ဦးကို ဒီအပတ် ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေ တာဝန်ယူခွင့်ကနေ ရပ်ဆိုင်းခဲ့ပြီ ဖြစ်ပါတယ်။
Darren England ဟာ ဖောရက်စ် vs ဘရန့်ဖိုဒ့် ပွဲမှာ စတုတ္ထဒိုင်အဖြစ် တာဝန်ကျထားတာဖြစ်ပြီး သူ့နေရာ အခြားသူဖြင့် အစားထိုးခဲ့ပါပြီ။ ဖူလ်ဟမ် vs ချယ်ဆီးပွဲမှာ လက်ထောက် ဒိုင်အဖြစ် တာဝန်ယူရမယ့် Dan Cook ကိုလည်း သူ့တာဝန်က ဖယ်ရှားလိုက်ပါတယ်။
နောက်ထပ် ဘယ်လို အရေးယူမှု ရှိလာမယ် မသိပေမယ့်လို့ ဒိုင်ချုပ်ဖြစ်တဲ့ ဝဘ်က ပွဲအတွင်း ဖြစ်ခဲ့တဲ့ အခြေအနေအတွက် လီဗာပူးအသင်းကို တောင်းပန်မှု ပြုလုပ်သွားတယ်လို့ သိရပါတယ်။ VAR ဒိုင် နှစ်ဦးအပေါ် ထပ်ဆောင်း အရေးယူသွားဖွယ် ရှိမယ်လို့ ယူဆရပါတယ်။
ပွဲနေ့အတွင်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Hooper ဟာ ဖူလ်ဟမ်နဲ့ ချယ်ဆီးပွဲစဉ်ကို စတုတ္ထဒိုင်အဖြစ် တာဝန်ကျထားသေးတာပါ။ သူ့ကိုတော့ ဆက်လက် တာဝန်ပေးထားပြီး အရေးယူမှု ပြုလုပ်ခြင်း မရှိတာဖြစ်ပါတယ်။