စပါးပွဲ ဒိုင်တွေရဲ့ အမှားက တကယ်ရော သွေးရိုးသားရိုး ဟုတ်ရဲ့လား.. နောက်ကွယ်မှာ လက်မဲကြီး ရှိနေသလား

ပရီးမီးယားလိဂ် ဒိုင်အဖွဲ့က စပါးပွဲစဉ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် လုပ်ခဲ့တဲ့ VAR ဒိုင် နှစ်ဦးကို ပွဲပယ် ပြစ်ဒဏ်ပေးဖို့ ကိစ္စတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေပါတယ်။

ဒိုင်ချုပ်ဖြစ်တဲ့ ဝဘ်က လီဗာပူးအသင်းကို တောင်းပန်ကြောင်း တရားဝင် ထုတ်ပြောခဲ့ပြီး ဒီဇာတ်လမ်း ဒီမှာတင် တစ်ခန်းရပ်မယ့် အနေအထားမျိုး ရှိနေတာပါ။ အဲ့လို မဖြစ်ရေး နာမည်ကြီး သတင်းဌာနတွေမှ သတင်းထောက် အချို့က ကိစ္စအချို့ကို စဖော်နေပြီ ဖြစ်ပါတယ်။

The Times ကနေ သတင်းထောက် Paul Joyce ကပဲ စပါးပွဲမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Darren England နဲ့ လက်ထောက် VAR ဒိုင်ဖြစ်တဲ့ Dan Cook တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၄၈ နာရီတုန်းကပဲ UAE ပြည်တွင်း အမှတ်ပေး ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့ကြတယ်လို့ ဖော်ထုတ်ခဲ့တယ်။

(စပါး ၂-၁ လီဗာပူးပွဲမှာ VAR ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Darren England ဖြစ်ပါတယ်)

၎င်းတို့ နှစ်ဦးဟာ Sharjah နဲ့ Al Ain အသင်းတို့ရဲ့ UAE Pro League ပွဲစဉ်ကို ကိုင်တွယ်ခဲ့ကြခြင်းဖြစ်ပါတယ်။ စပါးပွဲအတွင်း စတုတ္ထဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ Michael Oliver ကလည်း UAE ပွဲစဉ်မှာပဲ ဒိုင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

ဒီယက်ဇ်ရဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဒိုင်တွေ အားလုံး စစ်ဆေးခံနေရပြီလို့လည်း သိရပါတယ်။ UAE ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားမှုလို တိုက်ဆိုင်မှုမျိုး ရှိနေပါတယ်။

The Times ကတော့ ဒီယက်ဇ်ဂိုး ဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် သဘောမထားဖို့ စတင် တွန်းအားပေးလာခြင်းဖြစ်ကာ ဒီကိစ္စရဲ့ နောက်ကွယ်မှာ လက်မဲကြီးတွေ ရှိနေမလား ဖော်ထုတ်ကြဖို့ထိ လုံ့ဆော်လိုလာဟန် ရှိပါတယ်။

ဒီတလောမှာ ဆော်ဒီ အက်ဖ်အေကလည်း ပရီးမီးယားလိဂ် ဒို်င်တွေကို ဆော်ဒီပရိုလိဂ်ထံ ရောက်လာအောင် သွေးဆောင်နေပြီး မိုက်ကယ်အိုလီဗာကို ချဉ်းကပ်မှု လုပ်ထားခဲ့ပြီးပြီလို့ သိရပါတယ်။